သက်တံ့
၂၉. ၁၁. ၂၀၂၅
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဖရားစမွတ်ချေဒီမြို့နယ်ရှိ အိမ်တစ်အိမ်အောက်တွင် မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိပြီးနောက် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးခဲ့သည်။
ယင်းဖြစ်ရပ်သည် မနေ့က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး နိုင်းခလောင်းဘန်ပလာကော့တ်ရပ်ကွက်၊ မူး (၁၀) နေ ဒေသခံများက လူ့ရုပ်အလောင်း အစိတ်အပိုင်းများပါဝင်သည့် အိတ်တစ်လုံးကို ဖွတ်တစ်ကောင်က အိမ်အနီးသို့ ဆွဲယူနေသည်ကို သတိပြုမိချိန်၌ ဖြစ်သည်။

ထိုအိတ်အတွင်းတွင် ရဲတပ်ဖွဲ့က မွေးကင်းစ မိန်းကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ယင်းကလေးငယ်ကို နေအိမ်အောက် ရေတွင်နစ်မြုပ်ပြီး ပြန်ပေါ်မလာစေရန် အသုံးပြုခဲ့သည်ဟု ယူဆရသည့် ကျောက်တုံးကြီးတစ်တုံးကိုပါ တစ်ပါတည်း တွေ့ရှိခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ ဖရားစမွတ်ချေဒီရဲစခန်းမှ အရာရှိများသည် သံသယရှိသူတစ်ဦးဖြစ်သည့် View ဟုသာ သိရှိရသော ထိုင်းအမျိုးသမီးငယ်တစ်ဦးကို ဖော်ထုတ်နိုင်ခဲ့သည်။ သူမသည် ဘန်ကောက်မြို့၊ ရာမာ (၄) လမ်းဧရိယာရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ သူမကို ထိုနေ့နှောင်းပိုင်းတွင် ခေါ်ယူစစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့၏ အဆိုအရ အဆိုပါအမျိုးသမီးက စုံစမ်းစစ်ဆေးသူများအား သူမသည် ကိုယ်ဝန်ရှိနေသည်ကို မသိရှိကြောင်း၊ ပုံမှန် ရာသီလာနေသည့်အပြင် ကလေးလှုပ်ရှားမှု လက္ခဏာလည်း မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။ ယင်းဖြစ်ရပ်သည် နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်ကြား ညဘက်၊ အလုပ်မှ အိမ်ပြန်ရောက်ပြီးနောက် ဖြစ်ပွားခဲ့သည်ဟု သူမက ပြောသည်။ ထိုညက သူမ ရေချိုးနေစဉ်အတွင်း ရေချိုးခန်း၌ ချော်လဲကာ လဲကျသွားခဲ့သည်ဟု သူမက ဆိုသည်။ ထိုနောက် မကြာမီ သွေးဆင်းလာပြီး ကလေးမွေးဖွားခဲ့ရာ ထိုကလေးမှာ အသက်မရှိတော့ဟု သူမက ယူဆခဲ့သည်။
ထို့နောက် ချက်ကြိုးကို သူမကိုယ်တိုင်ဖြတ်ပြီး ကလေးငယ်၏ ရုပ်အလောင်းကို အနီရောင်အိတ်ထဲထည့်ကာ ကျောက်တုံးတစ်တုံးထည့်၍ အိမ်အောက်ရှိ နောက်ဖေးပေါက်မှတစ်ဆင့် အလောင်းဖျောက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ ဖွက်ထားသည်ကို ဖွတ်က အိတ်ကို ဆွဲယူလာပြီးမှ ဒေသခံတစ်ဦးက ကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။
KhaoSod သတင်းဌာန၏ ဖော်ပြချက်အရ ဤအဆင့်တွင် အမျိုးသမီးကို တရားဝင် စွဲချက်တင်ထားခြင်း မရှိသေးပေ။ သေဆုံးရခြင်း အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်များက ပြောသည်။
ရဲတပ်ဖွဲ့ဆေးရုံရှိ မှုခင်းဆေးပညာဌာနမှ ခန္ဓာဗေဒစစ်ဆေးမှု (Autopsy) ပြုလုပ်နေပြီး ရလဒ်များကို ရက်ပေါင်း ၄၅ ရက်အတွင်း ဖော်ထုတ်ရန် မျှော်မှန်းထားသည်။ စွဲချက်တင်ရန် ရှိ၊ မရှိ ဆိုသည်မှာ ထိုကလေးငယ် အသက်ရှင်လျက် မွေးဖွားခဲ့ခြင်း ရှိ၊ မရှိ ဆိုသည့် ခန္ဓာဗေဒစစ်ဆေးမှု ရလဒ်များပေါ်တွင် မူတည်လိမ့်မည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
Ref : The Thaiger
