သက်တံ့
၂၉. ၁၁. ၂၀၂၅
အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌပြည်နယ်၊ ချန်ဒရာပူရ်ခရိုင်က ကားလမ်းမလယ်တက်ပြီး အပန်းဖြေသလို ထိုင်နေတဲ့ ကျားတစ်ကောင်ရဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ နိုဝင်ဘာ ၂၈ ရက်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။
ဒီရုပ်သံဖြစ်ရပ်က ချန်ဒရာပူရ်ခရိုင်ရှိ တာဒိုဘာ-အန်ဒါရီ ကျားဘေးမဲ့တောအနီးက ချန်ဒရာပူရ်-မိုဟာလီ လမ်းမပေါ်က ရှားပါးပြီး စွန့်စားရတဲ့ အဖြစ်အပျက်တစ်ခုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်သံထဲမှာ မာဓု (Madhu) အမည်ရှိ ကျားမတစ်ကောင်ရဲ့ ရင်သွေးလို့ ယူဆရတဲ့ ကျားတစ်ကောင်ဟာ လမ်းမအလယ်မှာ အေးအေးဆေးဆေး အပန်းဖြေသလို ထိုင်နေတာကို တွေ့ရပြီး သူ့ရဲ့ ဒီလိုနေထိုင်မှုကြောင့် လမ်းမကြီးပေါ်က ကားတွေ ရပ်ဆိုင်းလိုက်ရသလို ယာဉ်ကြောအားလုံးကလည်း နာရီပေါင်းများစွာ ရပ်တန့်သွားခဲ့ရတယ်လို့ ဖြစ်စဉ်မြင်ကွင်းနဲ့ သတင်းမေးမြန်းမှုတွေအရ သိရပါတယ်။
သစ်တောထူထပ်မှုနဲ့ တိရစ္ဆာန်တွေရဲ့ သဘာဝအတိုင်း ရွေ့လျားသွားလာမှုကြောင့် သားရဲတိရစ္ဆာန်တွေကို မကြာခဏ တွေ့မြင်ရလေ့ရှိတဲ့ တာဒိုဘာ ကျားဘေးမဲ့တောရဲ့ ကြားခံဇုန်မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို လမ်းကြောင်းတစ်လျှောက် ခရီးသွားနေရင်း အခင်းဖြစ်ပွားရာကို မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးဖြစ်သူ အာကာရှ်အာလမ် (Akash Alam) က မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်သံဖိုင်ထဲမှာ ကမ္ဘာလှည့်ခရီးသည်တွေပါဝင်တဲ့ အိန္ဒိယနိုင်ငံသား အများအပြားဟာ သူတို့ရဲ့ ယာဉ်တွေထဲမှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြပုံကို ပြသထားသလို ကျားက နောက်ဆုံးမှာ နေရာရွှေ့သွားပြီး ခရီးဆက်ခွင့်ပေးဖို့ မျှော်လင့်နေကြတာကို တွေ့ရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ဒီလမ်းမပေါ်မှာ သားရဲတိရစ္ဆာန်တွေ ထွက်ပေါ်လာတာဟာ အထူးသဖြင့် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ပုံမှန်လို ဖြစ်လာနေပြီလို့ သိရပါတယ်။
ချန်ဒရာပူရ်-မိုဟာလီ လမ်းကြောင်းဟာ အနီးပတ်ဝန်းကျင်က ရွာတွေအတွက် အဓိက သွားလာရေးလမ်းကြောင်းဖြစ်တာကြောင့် လူသားတွေနဲ့ သားရဲတိရစ္ဆာန်တွေ အနီးကပ်တွေ့ဆုံမှုတွေဟာ ပိုမိုများပြားလာနေပါတယ်။ သစ်တောအရာရှိတွေက ခရီးသွားသူတွေကို သတိထားဖို့၊ ဟွန်းမတီးဖို့နဲ့ တိရစ္ဆာန်တွေ ရှိနေချိန်မှာ ယာဉ်ပေါ်ကနေ ဘယ်တော့မှ မဆင်းဖို့ မကြာခဏ အကြံပြုထားပါတယ်။
ဒီလမ်းပိုင်းမှာ ကျားတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို မကြာခဏ မှတ်တမ်းတင်ထားတာကြောင့် ဆိုင်ကယ်စီးနင်းသူတွေအတွက် ဒီလမ်းဟာ အထူးသဖြင့် အန္တရာယ်များလာပါတယ်။ ရုတ်တရက် သားရဲတိရစ္ဆာန်တွေ ဖြတ်ကျော်တာဟာ ပြင်းထန်တဲ့ အန္တရာယ်တွေကို ဖြစ်စေနိုင်ပြီး သစ်တောဌာနကလည်း လမ်းကြောင်းကို အသုံးပြုတဲ့အခါ ပိုမိုလုံခြုံတဲ့အချိန်ကို ရွေးချယ်ပြီး အရှိန်လျှော့မောင်းနှင်ဖို့ လူတွေကို ဆက်လက်တိုက်တွန်းနေပါတယ်။
ဒီနောက်ဆုံးရ ဗီဒီယိုဟာ သဘာဝနေထိုင်ရာနယ်မြေတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ လူထုဘေးကင်းလုံခြုံရေးကို အညီအမျှ အလေးထားရတဲ့ တာဒိုဘာလို ဂေဟစနစ်အထိမခံနိုင်တဲ့ ဒေသတွေမှာ လူသားတွေနဲ့ သားရဲတိရစ္ဆာန်တွေကြားက နူးညံ့သိမ်မွေ့တဲ့ ဆက်ဆံရေးကို တစ်ဖန် ပြန်လည် မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။
Ref : NDTV
