၂၇.၁၁.၂၀၂၅.
Translated by Htwe Ko Tun
ဟောင်ကောင်ကျွန်းတွင် နိုဝင်ဘာလ ၂၆ ရက် နံနက်ကဖြစ်ပွားခဲ့သည့် လူနေအိမ်ရာ အဆောက်အအုံများကို မီးလောင်ကျွမ်းခဲ့မှုတွင် သေဆုံးသူဦးရေသည် ၄၄ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိခဲ့သော လူ ၄၅ ဦးသည်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့ က နိုဝင်ဘာလ ၂၇ ရက် နံနက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
မီးသတ်ဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဒီရက် အမ်းစထရောင်း ချန်းက လူ ၄၀ သည် မီးလောင်မှု ဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြပြီး အခြားလေးဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။

အာဏာပိုင်များကလည်း ဆယ်စုနှစ်သုံးခုအတွင်း အဆိုးဝါးဆုံးဖြစ်သော ထိုမီးလောင်မှု၌ ပျောက်ဆုံးနေ သူ အနည်းဆုံး ၂၇၉ ဦးရှိနေသေးကြောင်းလည်းပြောခဲ့ကြသည်။
တိုင်ပိုခရိုင်အတွင်း ဝမ်ဖုခ်ကုဒ် လူနေအိမ်ရာတွင်အထပ် ၃၂ ထပ်ရှိ လူနေအဆောက်အအုံများကို ပြုပြင်မွမ်းမံမှုပြုရန် ငြမ်းဆင်ထားသော ဝါးလုံးတန်းများမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးမီးသတ် တပ်ဖွဲ့ဝင်များမှာ အဆောက်အအုံများ၏ အပေါ်ဆုံးထပ်များသို့ ရောက်ရှိရန် အခက်အခဲများရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဝါးငြမ်းဆင်ထားမှုအပြင် မီးလောင်ကျွမ်းခဲ့သော အဆောက်အအုံများ၏ ပြတင်းပေါက်များကို လည်း ထုတ်ပိုးရာတွင်သုံးသော ပိုလီစတိုင်ရင်း ပလတ်စတစ် ပျဉ်ပြားများနှင် ပိတ်ဆို့ထားသည်ကို တွေ့ရှိခဲ့ပြီး အရည်အသွေးမမီသည့်ဆောက်လုပ်ရေးပစ္စည်းများအသုံးပြုမှုလည်းတွေ့ခဲ့ရရာ ၎င်းတို့က မီးကို လျင် မြန်စွာ ပျံ့နှံ့စေခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
ရဲတပ်ဖွဲ့ က မီးလောင်မှုအတွက် လူအစုလိုက်အပြုံလိုက်သေစေခဲ့မှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာနှစ်ဦးနှင့် အမှုဆောင်အရာရှိတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဟောင်ကောင်မှာ ဆောက်လုပ်ရေးလုပ်ငန်းများ၌ ငြမ်းဆင်ရာတွင် ဝါးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နေဆဲဖြစ်သော ကမ္ဘာပေါ်ရှိ နောက်ဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။ ရှေးကပင် ဆောက်လုပ်ရေး၌ ဝါးကို အသုံးပြုခဲ့သည့် တရုတ်ပြည်မကြီးတွင်ပင် ယခုအခါ ငြမ်းဆင်ရာတွင် အဓိကအားဖြင့် သတ္တုကို အသုံးပြုနေပြီဖြစ်သည်။
Ref- CNA
