◾ ပုသိမ်မြို့တွင် ပြုလုပ်သည့်တွေ့ဆုံပွဲတွင် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရမည့် နည်းစနစ်များကိုပါ လူထုအား ရှင်းလင်းပြသ
၂၄.၁၁.၂၀၂၅
Written by Linn Eain
ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရမည့် နည်းစနစ်များကို ပုသိမ်မြို့၊ ကန်သုံးဆင့်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရိပ်သာတွင် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်သည့်တွေ့ဆုံပွဲအတွင်း လူထုအားရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာ၀တီတိုင်းဒေသကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဓိကထား ဆောင်ရွက်သဖြင့် အုပ်ချုပ်မှုစွမ်းရည်ရှိသော လုပ်ငန်းများနားလည်နိုင်သူကို ရွေးချယ်သင့်ကြောင်းလည်း အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။




“လာမဲ့ ရွေးကောက်ပွဲက အရင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေလို စာရွက်နဲ့ဖြည့်ပေးရတာမဟုတ်ဘူး။ ထူးထူးခြားခြား စက်ခလုတ်နဲ့ ဖြည့်ရမှာ။ ဒါလေးနဲ့ ပတ်သက်လို့ တင်ပြခွင့်ပြုပါ။ မဲဆန္ဒရုံထဲရောက်သွားရင် ဧရာ၀တီတိုင်ရင်းသားလူမျိုးများအနေနဲ့ ကိုယ်စားလှယ်လောင်းအမည်ပါ၊ ပါတီအမည်၊ ပါတီအမှတ်တံဆိပ်ပါမဲ့ ဘေးမှာ နှိပ်ရမဲ့ ခလုပ်အပြာလေးပါပါမယ်။ မိမိရွေးချယ်လိုတဲ့ ကိုယ်စားလှယ်လောင်းကို သေချာစွာရွေးချယ်ပြီး နှိပ်ရမှာဖြစ်ပါတယ်။ အဓိကအားဖြင့် နှစ်ခါမနှိပ်မိဖို့ အရေးကြီးပါတယ်” ဟု အမျိုးသား လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးမြင့်ကြိုင်က တက်ရောက်လာသူများကို ရှင်းလင်းပြောကြားခဲ့သည်။
ပုသိမ်မြို့၊ ကန်သုံးဆင့်လမ်း၊ ပြည်ခိုင်ဖြိုးပါတီရိပ်သာရှိ မြေကွက်လပ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါတွေ့ဆုံပွဲသို့ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်များမှ လူဦးရေ တစ်ထောင်ကျော် တက်ရောက်ခဲ့သည်။





၂၀၂၅ ရွေးကောက်ပွဲသည် အလွန်အရေးကြီးပြီး ဧရာ၀တီတိုင်းဒေသကြီးကို နားလည်သည့်အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုပါ နားလည်သည့် ပုဂ္ဂိုလ်မျိုးကို ရွေးချယ်မှသာ ဧရာ၀တီတိုင်းအတွက် အကျိုးရှိသည့်ဥပဒေများကို ပြဋ္ဌာန်းအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားခဲ့သည်။
“ပြည်သူတွေကို ကျွန်တော်တို့တင်ပြလိုတာက ဒီရွေးကောက်ပွဲက သိပ်အရေးကြီးတယ်။ ဧရာ၀တီတိုင်းရင်းသား ကိုယ့်ရွှေမျိုးများအနေနဲ့ ကိုယ့်ကိုပြောပေးမဲ့ ပုဂ္ဂိုလ်၊ ကိုယ့်အကြောင်းကိုသိပြီးတော့ ကိုယ့်ကို စာနာပြီးတော့ ပြောပေးမဲ့ ပုဂ္ဂိုလ်၊ ဘယ်လိုလူမျိုးကိုရွေးချယ်မှာလဲ။ ကိုယ့်အကြောင်းကို မသိဘူး။ ကိုယ့်ကိုမစာနာနိုင်ဘူးဆိုရင် ဘယ်လောက်ပြောပြော သဘောပေါက်မှာမဟုတ်ဘူး။ ပထမတစ်ခု အကြံပေးလိုတာကတော့ ဧရာ၀တီတိုင်းအကြောင်းကို နားလည်ပြီးတော့ လူထုရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေနားလည်တဲ့ ပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ်မယ်ဆိုရင်တော့ ခင်ဗျားတို့အတွက်၊ ခင်ဗျားတို့ရဲ့ တင်ပြချက်တွေကို လွှတ်တော်ထဲမှာ ပြည့်ပြည့်စုံစုံနဲ့ ပြန်လည်ပြီးတော့ ဆွေးနွေးပြီးတော့မှ ဧရာ၀တီတိုင်းက ပြည်သူလူထု တိုင်းသူ၊ တိုင်းသားတွေအတွက် အကျိုးရှိတဲ့ဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်လိမ့်မယ်။ ဖြည့်ဆည်းပေးရမဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ဆွေးနွေးချင်ပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
ပုသိမ်မြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသူများသည် ဦးစွာ နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်း သီဆိုကြသည်။
ထို့နောက် ပုသိမ်မြို့နယ်ကိုယ်စားပြု အချိုးကျကိုယ်စားပြုစနစ် ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်နှင့် အခြားကိုယ်စားလှယ်လောင်းများက ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၅ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) PR မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပထမဆုံးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) PR တွင် ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တို့ပါဝင်ကြောင်း သိရသည်။
