နေမိုး
၂၂. ၁၁. ၂၀၂၅
ဆင်တဲ၀ဆည်တွင်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီဝင်မိသားစုကို PDF နှစ်ဦးက လာရောက်ဖမ်းဆီးသတ်ဖြတ်ချိန် ခုခံသဖြင့် PDF တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိသော်လည်း ပြည်ခိုင်ဖြိုးပါတီမိသားစုဝင်ဖြစ်သည့် သားငယ်တစ်ဦး ကျည်ထိသေဆုံးသွားခဲ့ရရှာသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကျီကုန်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် ဦးမောင်မောင်(၆၀)နှစ်သည် သမက္ကူကျေးရွာအနီး ဆင်တဲဝဆည်ရှိ တဲတိုက်၌ မိသားစုဝင် များနှင့်အတူ ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးမောင်မောင်အား ဖမ်းဆီးခေါ်ဆောင်ရန် ပြုလုပ်နေစဉ် မိသားစုဝင်များမှ ပြန်လည်၍ ဝိုင်းဝန်းခုခံ ဖမ်းဆီးခဲ့သဖြင့် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမောင်မောင်၏ သားဖြစ်သူ မောင်ငြိမ်းချမ်းကို (၁၉)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး အကြမ်းဖက်သမားတစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ကျန်တစ်ဦးမှာ သတိလစ်မေ့မြောသွားသဖြင့် ၎င်းထံမှ Sig Sauer ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်ဆံ နှစ်တောင့်တို့အား ယူဆောင်၍ ဦးမောင်မောင်ပါ မိသားစုဝင် ကိုးဦးတို့မှ တောင်သာမြို့နယ်၊ အေးကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ထံသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ ကျော်မှာလည်း ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။
