◾️ ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရန် ပျက်ကွက်သည့် အခြားကုမ္ပဏီများကိုလည်း ဆက်လက်ဖော်ထုတ် အရေးယူမည်
၂၂. ၁၁. ၂၀၂၅
Written by Nyein Kyaw
ပြည်ပသို့ ပဲများတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများ ပေးသွင်းခြင်းမရှိသည့်အပြင် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကို ဆဲဆိုခြိမ်းခြောက်သူတစ်ဦးအပါအဝင် ပို့ကုန်ရငွေ အပြည့်အဝ ပေးသွင်းခြင်းမရှိသည့် ပဲလုပ်ငန်းရှင် ၈ ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒို အမှတ် ၈၀၃ (ဘီ)တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Maha Nadi International Co.,Ltd မှ ဒါရိုက်တာများဖြစ်သည့် ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူစင်၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်စန်းသီတို့သည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၄၂ သန်းကျော်တန်ဖိုးရှိ မတ်ပဲများတင်ပို့ခဲ့ပြီး နိုင်ငံတော်သို့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ပြန်လည်ပေးသွင်းရန် ကျန်ရှိလျက်ရှိသည်ကို တွေ့ရှိရသည်။
ထို့အတူ ဦးဟင်နရီခင်မောင် (ဖမ်းမိ)၊ ဒေါ်ဖြူဖြူစင် (ထွက်ပြေးတိမ်းရှောင်) နှစ်ဦးအမည်ဖြင့် တည်ထောင်ထားသည့် RK Shipping and Trading Co.,Ltd အနေဖြင့်လည်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကျော် တန်ဖိုးရှိ မတ်ပဲများတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ နှစ်သန်းကျော်အား နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသည်။





ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ ဦးဟင်နရီခင်မောင်သည် သားဖြစ်သူ ဦးရဲမင်းလွင်နှင့် ခင်မင်ရင်းနှီးသည့် ဦးဗိုဗိုသန့်၏ Taw Thar Gyi Co.,Ltd အမည်ခံ၍ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုးရှိ မတ်ပဲနှင့်ပဲစင်းငုံများကို တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းကျော်အား နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် ကျန်ရှိနေသည်။
ထို့အတူ ဦးရဲမင်းလွင်သည် Ocean Lion King Co.,Ltd အမည်ကို အသုံးပြုပြီး ပဲမျိုးစုံတင်ပို့လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် ထပ်မံစိစစ်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် တန်ဖိုးရှိ မတ်ပဲများကို တင်ပို့ခဲ့ပြီး နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းရန် ကျန်ရှိနေလျက်ရှိကြောင်း တွေ့ရှိရသည်။
ထို့ပြင် ဦးရဲမင်းလွင်သည် နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းမှုမရှိခြင်းကြောင့် ၎င်း၏ ကုမ္ပဏီများကို ပို့ကုန်/သွင်းကုန်လိုင်စင် ပိတ်သိမ်းခံရမှုအပေါ် ကျေနပ်မှုမရှိသည့်အတွက် ပဲမျိုးစုံရောင်းဝယ်သည့်လုပ်ငန်း လုပ်ကိုင်ရန် ကုန်သည်များ၊ ပွဲစားများ၊ တောင်သူများ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် Viber Group တွင် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကို ယုတ်ရင်းကြမ်းတမ်းစွာဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့် စားသားများ ရေးသားဖော်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထို့ကြောင့် ပြည်ပသို့ ပို့ကုန်များတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ခြင်းမရှိခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများဖြစ်သည့် ဦးရဲမင်းလွင် (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်ကွန်သီ (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်ဖြူဖြူစင် (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်မြင့်မြင့်လှိုင် (ဖမ်းမိ)၊ ဒေါ်ခင်စန်းသီ (ဖမ်းမိ)၊ ဦးဟင်နရီခင်မောင် (ဖမ်းမိ)၊ ဦးဗိုဗိုသန့်(ဖမ်းမိ)နှင့် ဦးဌေးကို (ထွက်ပြေးတိမ်းရှောင်)တို့ ၈ ဦးနှင့် အသင်းမှတာဝန်ရှိသူများကို ဆဲဆိုခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သူ ဦးရဲမင်းလွင် (ထွက်ပြေးတိမ်းရှောင်) တို့အပေါ် ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအလိုက် ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်။
၎င်းတို့သည် နိုင်ငံတော်သို့ ပေးသွင်းရမည့် ပို့ကုန်ရငွေများကို ပေးသွင်းရန်ပျက်ကွက်ခဲ့သည့်အပြင် ရရှိသည့် ပို့ကုန်ရငွေများကို ဖျောက်ဖျက်ဆောင်ရွက်ထားကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရပြီး ၎င်းတို့ ပိုင်ဆိုင်မှုများအပေါ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရလည်း ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးနှင့် ငွေကြေးမူဝါဒများ တည်ငြိမ်စေရေးအတွက် ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရန် ပျက်ကွက်သည့် အခြားကုမ္ပဏီများကိုလည်း ဆက်လက်ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
