၂၀ .၁၁. ၂၀၂၅
Written by Hey Mar
ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားတွေရဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေ၊ လုပ်ငန်းခွင်မတော်တဆမှု ဖြစ်ပွားပါက နစ်နာကြေးရယူတောင်းခံတဲ့ကိစ္စတွေမှာ မိမိတို့မြန်မာလုပ်သားတွေဘက်က မှန်မှန်ကန်ကန်ရရှိစေရေး Worker Alliance Group (WAG)မှ ရပ်တည်ဆောင်ရွက်ပေးပေမယ့် အလုပ်သမားတွေဘက်က အဖွဲ့အစည်းကို ပကတိအရှိအတိုင်းမဟုတ်ဘဲ ထိမ်ချန်ကွယ်ဝှက်တာတွေကြောင့် ဥပဒေကြောင်းအရဆောင်ရွက်တဲ့အခါ ဘေးကျပ်နံကျပ် ပြဿနာတွေ ကြုံတွေ့ခဲ့ရတယ်လို့ Worker Alliance Group (WAG)မှ တာဝန်ရှိသူက လက်ရှိဆောင်ရွက်နေရာမှာကြုံတွေ့ရတဲ့ အခြေအနေတချို့ကို ပြောပြပါတယ်။
အဖွဲ့အနေနဲ့ ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေက အလုပ်သမားအနေနဲ့ WAG မဟုတ်တဲ့ တခြားအဖွဲ့နဲ့ နစ်နာမှုကိုသက်ဆိုင်ရာထံ တိုင်တန်းထားပြီးအဆင်မပြေတဲ့အခါမှ WAG ထံ ထပ်မံလာရောက်အကူအညီတောင်းခံတဲ့အခါ အမှုထပ်နေတဲ့ပြဿနာကြောင့် သက်ဆိုင်ရာထံ မျက်နှာပျက်ရတာ၊ နောက်တစ်မျိုးက ထိုင်းနိုင်ငံရဲ့ဥပဒေတွေကိုနားမလည်ဘဲ အလုပ်ရှင်အပေါ် မိမိတို့အလုပ်သမားတွေကြောင့် နစ်နာဆုံးရှုံးစေမှုတွေ ရှိခဲ့တာ စတာတွေလို့ သိရှိရပါတယ်။

“ပြီးခဲ့တဲ့ရက်က စက်ရုံတစ်ရုံက အလုပ်သမား ရာနဲ့ချီ အလုပ်ဖြုတ်လိုက်လို့ဆိုပြီး ကျွန်တော်တို့အဖွဲ့ဆီ အကူအညီတောင်းလာတယ်။ အလုပ်သမား ၂၀၂ ဦး အလုပ်ဖြုတ်ခံထိတယ်ပေါ့။ ကျွန်တော်တို့ လိုက်သွားတော့ ဝန (ထိုင်းအလုပ်သမားခေါင်း)၊ မြန်မာစကားပြန်နဲ့ အလုပ်သမားတွေ ကြား ဘာသာစကားနားလည်မှုအလွဲကြောင့် ဖြစ်တာပေါ့။ ပြောရရင် ဒီပြဿနာမှာ အလုပ်သမားတွေဘက်က မှားယွင်းမှုဖြစ်သွားတယ်”လို့ Worker Alliance Group (WAG)မှ တာဝန်ရှိသူကိုမုန်တိုင်းက ပြောပါတယ်။
အဆိုပါဖြစ်စဉ်က ထိုင်းနိုင်ငံ၊ စမူပကန်မြို့ရှိ မုန့်စက်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့ပြီး အလုပ်ဖြုတ်ခံရတဲ့ လူဦးရေ ကျား၊ မ စုစုပေါင်း (၂၀၂) ဦးက စက်ရုံက အလုပ်ကို အရင်က ပုတ်ပြတ်ယူလုပ်တယ်လို့ ဆိုပါတယ်။ ပုတ်ပြတ်အလုပ် ဖြစ်တဲ့အတွက် ကိုယ့်အတွက် တွက်ခြေကိုက်ပါက နားလို့ရပြီး မကိုက်ပါက ဆက်လုပ်ရတာမို့ အလုပ်သမားတွေက ပင်ပန်းတဲ့အတွက် စက်ရုံဘက်ကို နေ့စားအဖြစ် ပြန်ပြောင်းပေးဖို့တောင်းဆိုကြတယ်လို့ သိရပါတယ်။ အဲဒီလိုတောင်းဆိုရာ မြန်မာစကားပြန်၊ ဝနနဲ့ အလုပ်သမားတွေ ပြဿနာဖြစ်ပြီး စကားပြန်က ဝနဘက်က အလုပ်သမားတွေကို မလာနဲ့တော့လို့ ပြောကြောင်း ပြန်လည်ပြောပြတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကလည်း နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက အလုပ်မဆင်းတော့ဘဲ နေခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှာ မြို့နယ်ဆဝါဒီကန်၊မြို့နယ်ခံရဲနဲ့အတူ အလုပ်သမားတွေ အပါအဝင် WAG အဖွဲ့က သွားရောက်ညှိနှိုင်းပေးခဲ့ရာ စက်ရုံဘက်မှ အလုပ်သမားတွေရဲ့ မှားယွင်းမှုလို့ ထောက်ပြဖြေရှင်းခဲ့တာလို့ သိရပါတယ်။
Worker Alliance Group (WAG)မှ တာဝန်ရှိသူကိုမုန်တိုင်းက”ကျွန်တော်တို့ကို သက်ဆိုင်ရာက အပြစ်တော့တင်တာပေါ့။ မင်းတို့ သေချာ မစုံစမ်းဘူး၊ မစစ်ဘူးလားလို့ ဖြစ်တာပေါ့။ အမှန်က မလာနဲ့တော့လို့ ဝနနဲ့ စကားပြန်က ပြောပေမယ့် သူဌေးကကြတော့ သူ့မုန့်လုပ်ငန်းက နေ့စဉ် အခုရေ ထောင်သောင်းချီ အော်ဒါတွေရှိတယ်။အလျင်မီအောင် လုပ်ပေးရတယ်။ မလုပ်နိုင်ရင် ကုန်ကြမ်းတွေရော မိတ်ရော ပျက်စီးဆုံးရှုံးမယ်။ အဲဒါဆို အလုပ်ရှင်ကို အလုပ်သမားက ထိုင်းဥပဒေအရ ပြန်လျော်ပေးရမှာ။ ကျွန်တော်တို့ မြန်မာလုပ်သားတွေဘက်က ဝနက မလာနဲ့တော့လို့ ပြောပါတယ်ဆိုတာကိုလည်း ဘာသက်သေမှ မပြနိုင်ဘူး။ သူဌေးက ပြန်ခေါ်ခိုင်းလို့ ဝနက ပြန်ခေါ်တော့လည်း သူတို့က အလုပ်သွားပြန်မဆင်းဘူး။ ထိုင်းမှာက အလုပ်သမားက ၃ ရက်အလုပ်မဆင်းရင် အလုပ်ပြုတ်တယ်။ ဥပဒေရှိတယ်” လို့ ပြောပါတယ်။
အလုပ်ရှင်သူဌေးမှာလည်း လုပ်သား ၂၀၀ ကျော် အလုပ်မလာတော့တဲ့မတွက် အခက်အခဲတွေဖြစ်ကာ ဆုံးရှုံးနစ်နာခဲ့တာကြောင့် WAG နဲ့ သက်ဆိုင်ရာက အလုပ်ပြန်လည်ရရှိရေး ညှိနှိုင်းပေးပေမယ့် လက်မခံချင်တော့ကြောင်း ငြင်းဆိုခဲ့ပြီး ဒီဖြစ်ရပ်မှာတော့ ဥပဒေရေးရာထက် လူသားခြင်းစာနာထောက်ထားမှုအနေနဲ့ အလုပ်ရှင်က ဥပဒေအရ သူ့ရပိုင်ခွင့် လျော်ကြေးပြန်မတောင်းဘဲ အလုပ်သမားတွေအတွက် နစ်နာကြေးအဖြစ် တစ်ဦးလျင် ဘတ် ၆၅၀၀ စီသာပေးခဲ့ပြီး နေ့စားလုပ်အားခတွေနဲ့ အချိန်ပိုကြေးတွေကိုပါ တစ်ပေါင်းတည်း ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်ပြောချင်တာက အလုပ်သမားတွေ
နောက်နောင်လည်း အလုပ်ခွင်မှာ အမှားအယွင်းကင်းအောင် နေကြပါ။ ကိုယ့်ဘက်မမှားရင် သက်သေရှိရင် ဖြေရှင်းလို့ ရပါတယ်။ လွယ်ပါတယ်။ သူများနိုင်ငံမှာ ကိုယ့်လုပ်သားတွေဆိုတာ အောက်ခြေက ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်ရတာမို့ ကျွန်တော်တို့က ကိုယ့်မြန်မာလုပ်သားတွေဘက်ကပဲ အပြည့်အဝ ရပ်တည်ကာကွယ်ပေးချင်တာပါ။ ဒါ့ကြောင့်မို့ လုပ်ငန်းခွင်မှာ မှန်မှန်ကန်ကန် စည်းကမ်းတကျနေဖို့ မေတ္တာရပ်ခံပါတယ်” လို့ WAG မှ တာဝန်ရှိသူ ကိုမုန်တိုင်းက MT News ကို ပြောပါတယ်။
