MT News
၂၀. ၁၁. ၂၀၂၅
အီဂျစ်နိုင်ငံ၏ ပထမဆုံး နျူးကလီးယား ဓာတ်အားပေးစက်ရုံဖြစ်သည့် El-Dabaa စက်ရုံအတွက် ရုရှားအစိုးရပိုင် Rosatom နှင့် နျူကလီးယားလောင်စာ ဝယ်ယူရေးစာချုပ်နှင့် ပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တို့ကို ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်ဝန်ကြီးအဖွဲ့က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဝယ်ယူရေးစာချုပ်သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုဗဟိုချက်အတွက် နျူကလီးယားလောင်စာကို ထောက်ပံ့ပေးမည်ဖြစ်ပြီး စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်ရန်အတွက် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ဖော်ပြသည်။
ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွင် ကင်ဆာကုသရေးအတွက် ဆေးဘက်ဆိုင်ရာ အိုင်ဆိုတုပ်များ ထုတ်လုပ်ခြင်း၌ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သည်ဟုလည်း သိရသည်။

လက်မှတ်ရေးထိုးပွဲသည် စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုယူနစ်အတွက် ဓာတ်ပေါင်းဖို ဖိအားခံအိုး (Reactor Pressure Vessel) တပ်ဆင်သည့် အခမ်းအနားနှင့် တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ပြီး အီဂျစ်သမ္မတ Abdel-Fattah Al-Sisi နှင့် ရုရှားသမ္မတ Vladimir Putin တို့က ဗီဒီယိုကွန်းဖရန့်စ်မှတစ်ဆင့် ကြည့်ရှုခဲ့ကြသည်။
Al-Sisi က ဤအဆင့်ကို “အီဂျစ်၏ နျူကလီးယားစွမ်းအင် စီမံကိန်း၏ ပထမဆုံးစာမျက်နှာ” အဖြစ် ဖော်ပြခဲ့ပြီး “အပြန်အလှန် လေးစားမှုအပေါ် တည်ဆောက်ထားသော အီဂျစ်နှင့် ရုရှားတို့အကြား မဟာဗျူဟာမြောက်ပြီး တည်ငြိမ်သော ဆက်ဆံရေး” ကို ထင်ဟပ်စေသည်ဟု ဆိုသည်။ စီမံကိန်းသည် အီဂျစ်နိုင်ငံ၏ နျူကလီးယားစွမ်းအင်တွင် အရှိန်အဟုန်ဖြင့် တိုးတက်မှုကို ပြသနေကြောင်းလည်း ၎င်းက ပြောသည်။
Putin ကမူ ဤပူးပေါင်းဆောင်ရွက်မှုကို “ကြီးမြတ်သော ဂုဏ်ယူဝမ်းမြောက်မှုနှင့် အခွင့်ထူး” အဖြစ် ခေါ်ဆိုခဲ့ပြီး ကျွမ်းကျင်မှု ဖလှယ်ရန်အတွက် အခွင့်အလမ်းသစ်များ ပွင့်လန်းလာပြီဟု ပြောကြားခဲ့သည်။ ရုရှားတက္ကသိုလ်များတွင် အီဂျစ်ကျောင်းသား ၁၀၀ က နျူကလီးယားသင်တန်းများ သင်ယူခွင့် ရရှိခဲ့ပြီး စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုယူနစ်သည် ၄၆၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
အီဂျစ်၏ Matrouh ပြည်နယ်တွင် တည်ရှိသော El-Dabaa စက်ရုံ၌ ဓာတ်ပေါင်းဖိုယူနစ် လေးခုပါဝင်မည်ဖြစ်ပြီး တစ်ယူနစ်လျှင် ၁,၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ရုရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ စီမံကိန်း၏ ၈၅ ရာခိုင်နှုန်းကို ၂၂ နှစ် ချေးငွေဖြင့် ရန်ပုံငွေ ထောက်ပံ့ပေးနေသည်။
အဆိုပါ စီမံကိန်းကို ရုရှားနိုင်ငံပိုင် Rosatom ၏ Atomstroyexport က အဓိက ကန်ထရိုက်တာအဖြစ် ဆောင်ရွက်ပြီး အီဂျစ်နိုင်ငံ၏ နျူကလီးယား ဓာတ်အားပေးစက်ရုံများ အာဏာပိုင်အဖွဲ့ (Nuclear Power Plants Authority) က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲလျက်ရှိသည်။
Ref & Photo : Xinhua ; RT
