၁၉.၁၁.၂၀၂၅
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲသည် တိုင်းသူပြည်သားများအတွက် ရွှေရောင်လွှမ်းသည့်ဘဝသို့ တစ်ဆင့်ချင်းတွန်းပို့သည့်အရာဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) ဥက္ကဋ္ဌ ဦးခင်ရီက မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ နိုဝင်ဘာ ၁၉ ရက်၊ နေ့လယ် ၁ နာရီခွဲကစတင်ပြုလုပ်ခဲ့ရာ တက်ရောက်လာသူများကို ရှင်းလင်းပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့ တိုင်းသူပြည် သားတွေအတွက် ရွှေရောင်လွှမ်းတဲ့ ဘဝတစ်ခုကို တစ်ရစ်ချင်း၊ တစ်ဆင့်ချင်း တွန်းပို့တဲ့အရာတစ်ခုလို့ အဲဒီလိုပြောရင် မမှားဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒီတော့ ဒီလိုအရေးကြီးတဲ့ရွေးကောက်ပွဲကြီးကို ခင်ဗျားတို့အားလုံး စိတ်ဝင်စားရမယ်။ ကျွန်တော်တို့အားလုံး မဲပေးကြရမယ်။ ကိုယ်နှစ်သက်ရာပါတီတစ်ခုခုကို ကိုယ်နှစ်သက်ရာ ပုဂ္ဂိုလ်တစ်ဦးဦးကို ရွေးချယ်ပြီး မဲပေးကြရမယ်။ အရွေးမမှားဖို့လိုတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သည့် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် မရှိခဲ့သည့် အခွင့်အရေးမျိုးဖြင့် အများရှေ့မှောက်၌ သက်သေပြနိုင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း ဦးခင်ရီက ဆက်လက်ပြောကြားခဲ့သည်။

“တစ်ချိန်တည်းမှာပဲ ဒီရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျွန်တော်တို့ရွေးကောက်ပွဲသမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးတဲ့စနစ်မျိုးနဲ့ ဆောင်ရွက်သွားမယ်လို့ ကျွန်တော်အသိပေးလိုပါတယ်။ ဒါဟာဘာလဲဆိုရင် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ခေါ်ပြီးတော့ အဲဒီပုဂ္ဂိုလ်တွေရဲ့ ရှေ့မှောက်မှာ ကျွန်တော်တို့ရွေးကောက်ပွဲကို လွတ်လပ်တရားမျှသော အသိပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာက လေ့လာလိုတဲ့သူတွေ၊ နိုင်ငံတကာ မီဒီယာတွေ၊ ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေ၊ တစ်သီးပုဂ္ဂလလေ့လာလိုတဲ့လူတွေအားလုံးကို ကြိုတင်လျှောက်ထားကြပြီးတော့ ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲကြီးကို လေ့လာနိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဒီလိုအခွင့်အရေးမျိုးမရှိခဲ့ပါဘူး။ အများပြည်သူရဲ့ရှေ့မှောက်မှာ သက်သေသက္ကာယပြုပြီးတော့ ဆောင်ရွက်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ သက်သေပြနိုင်မဲ့လို့ ကျွန်တော်က အလေးအနက် ယုံကြည်ပါတယ် ” ဟု ဦးခင်ရီက ပြောကြားသည်။
ဆက်လက်၍ လုပ်ပိုင်ခွင့်ရှိ၍ လုပ်ဆောင်ရမည်ဆိုလျှင် Systematic Diagnosis ဟုခေါ်ဆိုသည့် တိုင်းပြည်ကိုပြန်လည်ဆန်းစစ်သည့်လုပ်ငန်းကို ဦးစွာလုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့လုပ်ပိုင်ခွင့်ရှိလို့ စပြီးလုပ်မှာဆိုရင် အင်္ဂလိပ်လိုဆိုရင် Systematic Diagnosis လို့ခေါ်ပါတယ်။ တိုင်းပြည်ရဲ့ကဏ္ဍအသီးသီးမှာ ဘယ်နေရာမှာ ဘယ်လိုအခြေအနေရှိတယ်။ ဒါတွေကို ကျွန်တော်က အဆင့်တွေ၊ ဦးစားပေးအဆင့်တွေခွဲပြီးတော့ တိုင်းပြည်ကိုပြန်လည်ဆန်းစစ်တဲ့လုပ်ငန်းတွေကို အချိန်ကာလတစ်ခုသတ်မှတ်ပြီး ကျွန်တော်တို့ဆောင်ရွက်ပါမယ်။အဲဒီပေါ်မူတည်ပြီးမှ တစ်ခုချင်း၊ တစ်ခုချင်းပေါ်မှာ စောစောကပြောတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ၊ ကြိုးနီစနစ်ဖယ်ရှားရေးလုပ်ငန်းတွေ ဒါတွေကိုတစ်ဆင့်ချင်းဆောင်ရွက်သွားမယ်လို့ ကျွန်တော်တင်ပြလိုပါတယ် ” ဟု ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြို့နယ်ပေါင်း ၄၅ ခုမှ ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီအလံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၀ ကျော်မှ အင်အား တစ်သောင်းခန့်တက်ရောက်လာကြောင်း အခမ်းအနားကျင်းပရေးအဖွဲ့မှ မေးမြန်းသိရသည်။
