၁၃. ၁၁. ၂၀၂၅
Written by Nyein Kyaw
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အကောင်အထည်ဖော်မည့် အိမ်ရာစီမံကိန်းအတွက် Developer အဖြစ် ဆောင်ရွက်လိုသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား မကွေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ဖိတ်ခေါ်ထားသည်။
အဆိုပါ အိမ်ရာစီမံကိန်းအသစ်ကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာ၏ တောင်ဘက်နှင့် ဖလံရုံကျေးရွာ၏ အရှေ့ဘက်အတွင်း တည်ရှိသော ဧက ၂၀ ခန့် ကျယ်ဝန်းသည့် မြေနေရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
စီမံကိန်းမြေနေရာသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသော မြေနေရာဖြစ်ပြီး လက်ရှိတွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား ဌာနအလိုက် ဟင်းသီးဟင်းရွက်ဇုန်နှင့် မွေးမြူရေးဇုန်အဖြစ် အသုံးပြုလျက်ရှိကြောင်း အသိပေးထားသည်။
အဆိုပါ အိမ်ရာစီမံကိန်းအား Developer အနေဖြင့် အကောင်အထည်ဖော်ရန် စိတ်ဝင်စားသော ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest- Eol) အား တင်ပြရမည်ဖြစ်သည်။
EoI အဆိုပြုလွှာပုံစံများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်လာရောက်ထုတ်ယူနိုင်ပြီး မိမိတို့၏ ကုမ္ပဏီဆိုင်ရာ အထောက်အထားများ ယူဆောင်ပြသလျက် အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လိပ်မူ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် ညနေ ၃ နာရီအရောက် ပေးပို့ရမည်ဖြစ်သည်။
လျှောက်ထားသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းနှင့် Eol လျှောက်လွှာ ထုတ်ယူလိုကြောင်း တင်ပြစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ရင်းနှီးတည်ဆောက်လိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံနှင့် ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် e-mail လိပ်စာများ ထည့်သွင်းပေးပို့ရမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မကွေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးစိန်ဝင်း ဖုန်း-၀၆၃-၂ဝ၂၈၄၄၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။
ပုံစာ- ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်ထည်ဖော်ထားသည့် အိမ်ရာတချို့ကို တွေ့ရစဉ်။





