၁၃.၁၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းစုပြည်နယ်၊ ကျန်းကျားဂန်မြို့မှ အနှစ် ၁,၅၀၀ သက်တမ်းရှိ ယုံကွင်း (Yongqing) ဘုရားကျောင်းတွင် နိုဝင်ဘာ ၁၂ ရက်က မီးအကြီးအကျယ်လောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အဖိုးတန်လှသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ရကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော ဘုရားကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသည့် ၎င်း၏ ဗုဒ္ဓဘာသာ ရှေးဟောင်းဗိသုကာအတတ်ပညာနှင့် ဘာသာရေးအရ ထူးခြားထင်ရှားမှုတို့ကြောင့် လူသိများလှကာ ကျောင်းဝင်းအတွင်း အထပ်များစွာရှိရှေးဟောင်းဘုရားကျောင်းသည် အဆောက်အအုံအတွင်းရှိ အထပ်များကိုပါ ပျက်စီးသွားသည်အထိ မီးလောင်ကျွမ်းခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံလာသော ဗီဒီယိုရိုက်ကူးချက်များအရ ကြီးမားလှသောမီးခိုးငွေ့များ ထွက်ပေါ်လာသည်ကိုတွေ့ကြရပြီး မီးတောက်များက ဘုရားကျောင်း၏ အဆင်တန်ဆာလှပသော သစ်သားအမိုးများကို ပြင်းထန်စွာ လှိုက်မြိုလောင်ကျွမ်းခဲ့သည်ကို တွေ့ရသည်။
မီးလောင်ကျွမ်းမှုအရှိန်ပြင်းထန်လွန်းသောကြောင့် ကျောင်းဝင်းအတွင်းရှိသူများအားလုံး ဝင်းအပြင်ဘက်သို့ထွက်၍ စုဝေးနေကြရကာ မီးသတ်သမားများ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ရန် ကြိုးစားနေစဉ် ၌ ဒေသခံများမှာ အကူအညီမဲ့စွာ ကြည့်ရှုနေကြရကြောင်း တွေ့ရသည်။
Ref- Free Press Journal



