◾️ မဲမသမာမှုအရေအတွက် သောင်းဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်းမဟုတ်ဘဲ ၁၀ သန်းကျော်အထိ ဖြစ်ပေါ်ခဲ့မှုအပေါ် ဖြေရှင်းပေးရန် ဥပဒေနှင့်အညီ အဆင့်ဆင့်တောင်းဆိုမှုအားလုံးကို NLD အစိုးရက ငြင်းဆိုပြီး ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ကြောင်းပါ ပြောကြား
၁၁. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲသည် ပြည်သူ့အသံကိုနားထောင်၊ ပြည်သူ့ကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့် အမြန်ဆုံးသော ယန္တရားတစ်ခုဖြစ်၍ နိုင်ငံသားတိုင်း မဲပေးကြရန် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပခဲ့ကာ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပထမအကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ခဲ့သည်။ ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်လွှတ်တော်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
“တတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တယ်။ အဲဒီရွေးကောက်ပွဲမှာ မဲမသမာမှုတွေ များစွာရှိခဲ့တယ်။ အဲဒီတုန်းက ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူဟာ ၃၈ သန်းခန့်ရှိပါတယ်။ မဲမသမာမှုဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့တဲ့ အရေအတွက်ကတော့ ၁၀ ဒသမ ၄ သန်း ဖြစ်ပါတယ်။ တစ်ထောင်လည်းမဟုတ်သလို တစ်သောင်းလည်းမဟုတ်ပါဘူး။ တစ်သိန်းလည်းမဟုတ်ပါဘူး။ တစ်သန်းလည်းမဟုတ်ပါဘူး။ ဆယ်သန်းကျော်ဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေထက် လေးပုံတစ်ပုံလောက်ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ မဲမသမာမှုများအတွက် နိုင်ငံရေးပါတီများနှင့် တပ်မတော်တို့၏ ပထမအဆင့် ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းပေးရန် တောင်းဆိုမှုကို NLD အစိုးရက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအဆင့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ပေးရန် နည်းစနစ်တကျတောင်းဆိုခဲ့မှုအပေါ်ကိုလည်း ထပ်မံငြင်းဆန်ခဲ့ကြောင်း၊ တတိယအဆင့် အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုက နည်းလမ်းရှာဖြေရှင်းပေးရန် ထပ်မံတောင်းဆိုခဲ့ခြင်းကိုလည်း ငြင်းဆန်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီအဆင့်တွေ အားလုံးပြီးတော့ ကျွန်တော်တို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ပေးဖို့ နှစ်ကြိမ်တိုင်တိုင်တောင်းဆိုတာမှာလည်း ဖြေရှင်းပေးမှုမရှိပါဘူး။ ဖြေရှင်းမပေးဘဲ တတိယအကြိမ် လွှတ်တော်ခေါ်ယူဖို့ အစိုးရဖွဲ့ဖို့ အတင်းအဓမ္မဆောင်ရွက်ခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို ရယူခဲ့ရပါတယ်။ ဒါတွေ ဘာကြောင့် ပြန်ပြောနေလည်းဆိုတော့ ဒီဖြစ်စဉ်တွေမှာ ဘယ်သူတွေက ဥပဒေတွေနဲ့အညီ တရားနည်းလမ်းကျ တောင်းဆိုခဲ့တယ်။ ဘယ်သူတွေက ဥပဒေကို လစ်လျူရှုမျက်ကွယ်ပြုခဲ့သလဲဆိုတာ သမိုင်းကြေစေချင်လို့ ပြန်ပြောပေးခြင်းဖြစ်ပါတယ်” ဟုလည်း ယင်းကဆိုသည်။
မဲမသမာမှုဖြစ်ခဲ့ခြင်းကို တရားနည်းလမ်းတကျ မဖြေရှင်းပေးဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးစားခဲ့သည့် NLD အစိုးရနှင့် ၎င်းတို့က ဖွဲ့စည်းပေးသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာ ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံတော်၏ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ရှိအစိုးရအနေဖြင့် နည်းစနစ်ကျစွာ ပြန်လည်တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့ ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်အရ မိမိကိုယ်စားဆောင်ရွက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပေးရတာဖြစ်ပါတယ်။ အခုကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်းကိုလည်း မဲပေးကြပါလို့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။ ဘာလို့ကျွန်တော် ဒီလိုပြောကြားနေတာလဲဆိုတော့ ရွေးကောက်ပွဲဆိုတာ ပြည်သူ့အသံကို နားထောင် ပြည်သူ့ကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ အမြန်ဆုံးသော ယန္တရားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်ထပ်ပြောပါမယ်။ ရွေးကောက်ပွဲဆိုတာ ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူတွေရဲ့ ကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ အမြန်ဆုံးသော ယန္တရားတစ်ခုဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ပြည်သူလူထုအနေနဲ့ ကိုယ်နဲ့အမြင်တူသူတွေ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ထပ်တူ ဒါမှမဟုတ် အနီးစပ်ဆုံး ဖြည့်ဆည်းပေးနိုင်တဲ့လူတွေ၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုဖော်ဆောင် ပေးနိုင်တဲ့သူတွေကို ကိုယ်တိုင်ရှာဖွေ ရွေးချယ်ခွင့်ရရှိမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်ဆင့် ပြောကြားသည်။
