၁၁. ၁၁. ၂၀၂၅
Written by Nyein Kyaw
တတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ်သုံးစီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၁ ရက်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ရုရှားရေတပ် Pacific Fleet မှ ဖရီးဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Gremyashchiy နှင့်ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့သည် မြန်မာနိုင်ငံသို့ တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရောက်ရှိလာချိန် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich kilashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Pacific Fleet မှ Captain 1st Rank Ulyanenko Aleksey ဦးစီး၍ အရာရှိ၊ စစ်သည်များလိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ-ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ရန် ရုရှားနိုင်ငံမှ စစ်သင်္ဘောများသည် ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃ ရက်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင်လည်းကောင်း လာရောက်ခဲ့ခြင်းဖြစ်သည်။
