၉.၁၁.၂၀၂၅
Written By Thandar
SUNDAY Film Production က ရိုမန့်ဇာတ်လမ်းပုံစံ “ရာသက်ပန် ငါ့ကောင်မလေး” ရုပ်ရှင်ဇာတ်ကားကြီး Forever Night Show ပွဲအခမ်းအနားကို နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ ဒီနေ့ကတော့ ရာသက်ပန် ငါ့ကောင်မလေးရဲ့ Forever Night Show လေးပါ။ ဘုံကို အကုန်လုံးက လောင်တယ် လောင်တယ်ပြောနေကြလို့ ဒီကားက စောင်ကိုက်ရမယ့် ကားပါ။ စောင်ကိုက်ရမယ် လောင်လည်း လောင်မယ့်ကားပါ။ မင်းသားကလည်း အေးချမ်းမောင်ဆိုတော့လေ။ သူငယ်ချင်းကိုမှ အသည်းအဖြူလေးတွေထားတာတို့ ဘာတို့ဆိုတာလည်း အပြင်မှာလည်း ရှိကြပါတယ်။ လူငယ်တွေကြား Trend ဖြစ်နေတာလေးတွေ ဘုံတို့ ထည့်ရိုက်ထားတာပါ ”လို့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း ဆီလံ၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ မယ်မင်းဘုံက ရိုက်ကူးပြီး သရုပ်ဆောင် အကယ်ဒမီ အေးချမ်းမောင်၊ နေမျိုးအောင်၊ ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ ဖူးစုံ၊ ရွှေသမီး၊ နော်ဖောအယ်ထား၊ ဝေဖြိုးနဲ့ အခြားအနုပညာရှင်များစွာ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။
“ရာသက်ပန်ငါ့ကောင်မလေး” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာတစ်ပြိုင်တည်း ပြသမှာဖြစ်ပါတယ်။
