သက်တန့်၊ ဟေမာ
၉. ၁၁. ၂၀၂၅
တောင်ကြီးမှ မန္တလေးသို့မောင်းနှင်လာသော ခရီးသည်တင်ယာဥ်တစ်စီးမှာ ယနေ့နေ့လယ်ပိုင်းတွင် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် ဘရိတ်ပေါက်ကာ ချောက်ထဲကျရာမှ လိုက်ပါလာသူ ၃ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာ ၉ ရက် နေ့လယ် ၁ နာရီ ၂၀ ခန်အချိန်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာကြား မိုင်တိုင်အမှတ် (၅၆/၆) တွင် တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသော တရုတ်နိုင်ငံထုတ် Jinbei အမျိုးအစားယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက်ချောက်ထဲသို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကလောမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၈ ဦး အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၇ ဦးအနက် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦး (မူလထုတ်ပြန်ချက်တွင် ကျား ၂၊ မ ၃၊ စုစုပေါင်း ၅ ဦးသေဆုံးဟု ဖော်ပြခဲ့) သေဆုံးခဲ့ကြောင်းနှင့် ကျန်ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးတို့အား နန့်ပန်တက်လူမှုကူညီရေးအသင်း၊ မဂွေကျေးရွာလူမှုကူညီရေးအသင်း၊ မြတ်စေတနာမွန်လူမှုကူညီရေးအသင်းနှင့် မဟာလူမှုကယ်ဆယ်ရေးအသင်း(အောင်ပန်း)တို့မှ ယာဉ်များဖြင့် ကလောမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု မီးသတ်ဦးစီးဌာန၏ နောက်ဆုံး ပြင်ဆင် ထုတ်ပြန်ချက်အရ သိရသည်။
