
၉.၁၁.၂၀၂၅
Translated by Htwe Ko Tun
ပေါ်တူဂီနိုင်ငံမှာ အစိုးရက အဆိုပြုထားတဲ့အလုပ်သမားဥပဒေတွေက အလုပ်သမားတွေရဲ့ အခွင့် အရေးတွေကို ခြိမ်းခြောက်နေတယ်လို့ ဆိုကြကာ မြို့တော် လစ္စဘွန်းမြို့ရဲ့လမ်းတွေပေါ်မှာ အစိုးရကအဆိုပြုထားတဲ့ အလုပ်သမားဥပဒေတွေကို ဆန့်ကျင်ဆန္ဒပြဖို့ ထောင်ပေါင်းများစွာသော လူတွေက နိုဝင်ဘာလ ၈ ရက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဗဟို-လက်ယာယိမ်းအစိုးရက အဆိုပြုထားတဲ့ အဆိုပါဥပဒေတွေက အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်း တွေကို လုပ်ငန်းမှထုတ်ပယ်ဖို့၊ အခြားကုမ္ပဏီတွေကိုကန်ထရိုက်နဲ့ လုပ်ငန်းအပ်နှံရယူဖို့နဲ့ သားလျှောမှုဖြစ်တဲ့ အမျိုးသမီးတွေအတွက် ဝမ်းနည်းပူဆွေးခွင့် စာနာထောက်ထားမှုခွင့် လျှော့ချတာအပါအဝင် သာရေးနာရေးဆိုင်ရာ ခွင့်အမျိုးအစားတချို့ကို ကန့်သတ်ဖို့ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

အနောက်ဥရောပရဲ့ အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ပေါ်တူဂီနိုင်ငံမှာ အလုပ်အကိုင်ပြောင်းလွယ်ပြင်လွယ်ရှိမှုကို မြှင့်တင်ဖို့နဲ့ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ ဒီလိုဆောင်ရွက်မှုတွေပြုဖို့ လိုအပ်တယ်လို့ အစိုးရကတော့ ပြောခဲ့ပါတယ်။
ပေါ်တူဂီရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂ CGTP ရဲ့ အကြီးအကဲက ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံ အတွင်း အလုပ်သမားတွေအပေါ် ပြုလုပ်ခဲ့တဲ့ အကြီးမားဆုံးတိုက်ခိုက်မှုတွေထဲက တစ်ခုလို့ ခေါ်ဆိုခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်မှာ အထွေထွေသပိတ်မှောက်မယ် လို့ ကြေညာခဲ့ပါတယ်။

အဆိုပြုထားတဲ့ ဥပဒေကြမ်းကို လက်ယာစွန်းပါတီ Chega ရဲ့ ထောက်ခံမှုနဲ့ လွှတ်တော်မှာ အတည်ပြုဖွယ်ရှိပါတယ်။
CGTP ကတော့ ဆန္ဒပြသူ ၁၀၀,၀၀၀ ခန့်နဲ့ လစ္စဘွန်းမြို့ရဲ့ အဓိကလမ်းမကြီးမှာ ပြည့်နှက်နေတယ်လို့ ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ AP သတင်းဌာနကလည်း လူထောင်ပေါင်းများစွာ ဆန္ဒပြပွဲမှာ ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူဦးရေကို မခန့်မှန်းခဲ့ပါဘူး။

ဆေးဘက်ဆိုင်ရာပစ္စည်းကုမ္ပဏီတစ်ခုမှ အလုပ်သမားတစ်ဦးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် မီရီယမ် အယ်လ်ဗီးစ်က ပြုပြင်ပြောင်းလဲမှုတွေဟာ အလုပ်ခွင်အခြေအနေတွေကို ပိုမိုဆိုးရွားသွားစေတာဖြစ်ပြီး အလုပ်အကိုင်လုံခြုံစိတ်ချရမှု လုံးဝမရှိခြင်းကို ဦးတည်စေနိုင်တယ်လို့ Reuters သတင်းဌာနကို ဆန္ဒပြပွဲမှာ ပြောကြားခဲ့ပါတယ်။
မော်ကွန်းတိုက်နည်းပညာရှင် အသက် ၃၄ နှစ်အရွယ် မာဒါလီနာ ပီနာကလည်း အစိုးရဟာ မေလမှာ ရွေးကောက်ပွဲမတိုင်မီ ဘာမှမပြောဘဲနဲ့ မျှတမှုမရှိ၊ သိမ်မွေ့ပြီး ပါးနပ်တဲ့နည်းလမ်းနဲ့ အလုပ်သမားတွေရဲ့အခွင့်အရေးတွေကို ပြောင်းပြန်လှန်နေတယ်လို့ ပြောခဲ့ပါတယ်။
.CGTP အထွေထွေအတွင်းရေးမှူး တီယာဂို အိုလီးဗီးယားက ဒီဇင်ဘာလအတွင်းမှာ သပိတ်မှောက်ကြမယ်လို ဆန္ဒပြပွဲမှာ ကြေညာခဲ့ပါတယ်။
ဥပဒေအဖြစ် အတည်ပြုဖို့ အစိုးရကအဆိုပြုထားတဲ့ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်တို့အားလုံးရဲ့ ဘဝတွေမှာ အမှန်တကယ် တိုးတက်မှုတွေ ကြန့်ကြာပြီး နောက်ပြန်ဆုတ်မှုတစ်ခု ဖြစ်လာလိမ့်မယ် လို့ ပြောကြားခဲ့ပါတယ်။
ဆန္ဒပြသူတွေကလည်း လုပ်ခလစာကို မြင့်မားစေလိုကြပါတယ်။ တရားဝင်အချက်အလက်တွေအရ ပေါ်တူဂီနိုင်ငံမှာ အလုပ်သမား ၅၀ ရာခိုင်နှုန်းကျော်ဟာ ၂၀၂၄ ခုနှစ်က တစ်လလျှင် ယူရို ၁,၀၀၀ (၈၇၉ ပေါင်စတာလင်) အောက်သာ ရရှိကြပြီး အနိမ့်ဆုံးလုပ်ခလစာမှာ ယူရို ၈၇၀ (၇၆၄ ပေါင်စတာ လင်) သာရှိတယ်လို့ သိရပါတယ်။
Ref- BBC
