၈.၁၁.၂၀၂၅
Written by Nay Yaung Lin
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းနှင့် လဝက ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းနိုင်တို့ ကျုံမငေးမြို့တွင် ပြည်သူများနှင့် နိုဝင်ဘာ ၈ ရက်၊ နံနက် ၁၀ နာရီခွဲတွင် တွေ့ဆုံမိတ်ဆက်ခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်လောင်းနှစ်ဦးသည်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် ကျုံမငေးမြို့ဇာတိ မွေးဖွားကြီးပြင်းလာသူများဖြစ်သည်။





အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ” ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို လွှတ်တော်မှာ တင်ပြပေးနိုင်တဲ့သူကို ရွေးချယ်တာဖြစ်ပါတယ်။ အခုလောလောဆယ် စီးပွားရေးအရ လက်ရှိမှာ နယ်စပ်ဒေသတွေမှာ သောင်းကျန်သူတွေ ရှိတဲ့အတွက် နယ်စပ်ဒေသတွေက လမ်းပန်ဆက်သွယ်ရေးက အခက်အခဲဖြစ်ပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းတွေ ကြီးနေတယ်။ ဒါကြောင့် နယ်စပ်ဒေသတွေမှာ အေးချမ်းအောင်လုပ်ပေးနိုင်တဲ့ လုံခြုံရေးအမြင်၊ ကာကွယ်ရေးအမြင်ရှိတဲ့ပါတီကို ရွေးရပါမယ်။ အဲဒီပါတီမှာ တာဝန်ထမ်းဆောင်တဲ့သူတွေကလည်း ကိုယ့်နယ်မြေပြည်သူလူထုကိုသိတဲ့၊ ကိုယ့်နယ်မြေ
ပြည်သူလူထုရဲ့ ဆွေမျိုးသားချင်းတွေ အားမနာဘဲနဲ့ ငါ့တူတွေ၊ ငါ့သားတွေ အားမနာဘဲနဲ့ ဘာလိုချင်တယ်၊ ငါတို့ကို ပြောပေးဆိုရင် လာပြောနိုင်တဲ့ မိသားစုဝင်ကို ရွေးရင် မိသားစုတွေက အားမနာတမ်းပြောလို့ ဆိုလို့ရပါတယ်။ မသိတဲ့သူတွေကို ရွေးရင်တော့ ပြောရဆိုရခက်ပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ လာမဲ့ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှာ PR အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပါမယ် ” ဟု အဆိုပါ လူထုတွေ့ဆုံပွဲတွင် တက်ရောက်လာသူများကို ပြောကြားခဲ့သည်။
တွေ့ဆုံပွဲကို ကျုံမငေးမြို့၊ စက်ရုံဓမ္မရိပ်သာအနီးတွင် ပြုလုပ်ခဲ့ပြီး ယင်းကိုယ်စားလှယ်လောင်းနှစ်ဦးနှင့်အတူ ကျုံမငေးမြို့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ကျုံမငေးမြို့ပေါ် ရပ်ကွက်နေသူများနှင့် အနီးအနားကျေးရွာများမှ နေထိုင်သူများ လာရောက်ခဲ့ကြောင်းသိရသည်။




ထို့ပြင် ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးသိန်းနိုင်က “ကိုယ့်မွေးရပ်မြေမှာရှိတဲ့ ပြည်သူလူထုတွေ့ကြုံနေရတဲ့ အခက်အခဲတွေ ကူညီဖြေရှင်းပေးနိုင်ဖို့၊ နယ်မြေဒေသ ယခုထက်ပိုပြီးတော့မှ သာယာဖွံ့ဖြိုးလာစေဖို့၊ တည်ငြိမ်အေးချမ်းဖို့ အလုပ်အကိုင်အခွင့်လမ်းတွေ အဆင်ပြေစေဖို့၊ လမ်းပန်းဆက်သွယ်ရေးတွေ အဆင်ပြေချောမွေ့စေဖို့ စသဖြင့် နေ့စဉ်နဲ့အမျှပြည်သူလူထုတွေတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပြီးတော့မှ ကိုယ်တတ်စွမ်းသမျှလုပ်ပေးနိုင်ဖို့အတွက် ဒီပါတီနိုင်ငံရေးလမ်းကြောင်းကို လျှောက်လှမ်းခဲ့တာဖြစ်ပါတယ် ” ဟု တွေဆုံပွဲတက်ရောက်လာသူများကို မိတ်ဆက်ပြောကြားခဲ့သည်။
ထို့ပြင် ယနေ့(နိုဝင်ဘာ ၇ ရက်)ကစတင်ပြီး မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် ဒီဇင်ဘာ ၂၆ ရက်အထိ မဲဆွယ်စည်းရုံမှုများကို ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့၊ ကျေးရွာအနှံသို့ သွားရောက်ကာ တွေ့ဆုံမှုများပြုလုပ်သွားမည်ဖြစ်သည်။





ဧရာဝတီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ ကျုံပျော်ခရိုင်နှင့် လပွတ္တာခရိုင်တို့ပါဝင်ပြီး မြောင်းမြခရိုင်ထဲတွင် ဝါးခယ်မမြို့နယ်ပါရှိကာ ၎င်းမြို့နယ်တွင် ကျုံမငေးနှင့် ရွှေလောင်းတို့လည်း ပါဝင်ကြောင်းသိရသည်။
ထို့နောက် ၎င်းကိုယ်စားလှယ်နှစ်ဦးသည် ဝါးခယ်မမြို့နယ်သို့ ဆက်လက်သွားရောက်ကာ ဝါးခယ်မမြို့နယ်ဆေးရုံတွင် “ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းဆေးကုသမှုအစီအစဉ်” ဖြင့် ဆေးကုသမှုသို့ သွားရောက်ကြည့်ရှုပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဝါးခယ်မမြို့နယ် ပြည်ခိုင်းဖြိုးပါတီရုံးတွင် မြို့နယ်နှင့်ရပ်ကျေးပါတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်၊ ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်သည် တပ်မတော်တွင် အလုပ်သင်ဗိုလ်(တပ်စုမှူး) မှ ဗိုလ်မှူးကြီးအဆင့်အထိ ၁၉၇၈ ခု နှစ်မှ ၂၀၀၁ ခုနှစ်အထိ (၃၃)နှစ်ကြာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ နည်းဗျူဟာမှူးနှင့် ဒုတိယကျောင်းအုပ်ကြီး တာဝန် အဆင့်ဆင့်အား ထမ်းဆောင်ခဲ့ပြီးသူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်းခံရသည်။
ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန် တာဝန်များကို (၇) နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူခြင်းနှင့် ရုံးလုပ်ငန်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာများကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သဖြင့် “နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု” ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထိုအတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ အလုပ်သမား ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ရှိပြီး သီရိပျံချီဘွဲ့ချီးမြှင့်ခံထားရသူလည်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းနိုင်
သည် ၁၉၉၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေး မှူးရုံး လက်အောက်ရှိ ပလစ(၁) (အင်းတိုင်)၊ တလအ (ပြင်ဦးလွင်)၊ ပလစ (၂) (အမရပူရ) နှင့် လလစ(၈၅၈)(သထုံ)တပ်တို့တွင် အင်ဂျင်နီယာ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၀၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တပ်မတော်သိပ္ပံနှင့် နည်းပညာ သုတေသနဌာန လက်အောက်ရှိ အမှတ်(၁)သတ္တုဗေဒဆိုင်ရာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတပ်(သပိတ်ကျင်း)တွင် သုတေသနလုပ်ငန်း တာဝန်များထမ်းဆောင်ခဲ့ပြီး ယင်းသို့တာဝန်ထမ်းဆောင်စဉ် ၂၀၁၂ ၊ ၂၀၁၃ ခုနှစ်တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တာဝန်များ ထမ်းဆောင်ခဲ့ကြောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တာဝန်ထမ်းဆောင်စဉ် ဥပဒေပြုရေးလုပ်ငန်း အတွေ့အကြုံများ ရရှိခဲ့ကြောင်း သိရသည်။
