၈.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာလ ၄ ရက်က နိုင်ငံအလယ်ပိုင်းသို့ တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီ (Kalmaegi) တိုက်ခတ်မှုကြောင့်သေဆုံးရသူများမှာ အနည်းဆုံး ၂၀၄ ဦးအထိမြင့်တက်လာပြီး ပျောက်ဆုံးနေသူများမှာလည်း ၁၀၉ ဦးအထိရှိကြောင်း မြို့ပြကာကွယ်ရေးရုံးက နိုဝင်ဘာလ ၈ ရက် နံနက်တွင် ကြေညာခဲ့သည်။

သို့ သော် နိုဝင်ဘာလ ၉ ရက် ညပိုင်းတွင် မင်ဒါနာအိုကျွန်းကမ်းခြေမှ ကုန်းတွင်းဝင်ရောက်လာနိုင်သော စူပါ တိုင်ဖွန်း Fung-wong က ချဥ်းကပ်လာနေမှုကြောင့် မုန်တိုင်း ခန့်မေဂီကြောင့်သေဆုံးသူအများ ဆုံး ဖြစ်ခဲ့သည့် စီဘူးပြည်နယ်တွင် ရှာဖွေကယ်ဆယ်မှုများကို နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ရပ်ဆိုင်းထားရကြောင်း သိရသည်။
ကုန်းတွင်းဝင်ရောက်မှုမပြုမီ စူပါတိုင်ဖွန်း ဖြစ်လာပြီး လေတ်ိုက်နှုန်း တစ်နာရီမိုင် ၁၃၀ ကျော်ရှိလာနိုင်သည်ဟု ခန့်မှန်းရသည့် Fung-wong က တစ်နိုင်ငံလုံးနီးပါး ကို လွှမ်းခြုံနိုင်သည့်အချင်းဝက်ဖြင့် တိုက်ခတ်နိုင်ကြောင်း အစိုးရမိုးလေဝသပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
လေပြင်းတိုက်ခတ်မှုများအပြင်၊ မိုးသည်းထန်စွာရွာသွန်းမှုလည်း မီလီမီတာ ၂၀၀ (ရှစ်လက်မ) သို့မ ဟုတ် ထို့ထက်ပိုသော မိုးရွာသွန်းမှုများလည်း ရှိလာနိုင်ကြောင်း၊ ၎င်းသည် မြေနိမ့်ဒေသများတွင် သာမက ကုန်းမြင့်များတွင်ပါ ရေကြီးရေလျှံမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားစေနိုင်ကြောင်း မိုးလေဝသ ပညာရှင် Benison Estareja က နိုဝင်ဘာလ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စူပါတိုင်ဖွန်း Fung-wong သည် နိုဝင်ဘာလ ၉ ရက် တနင်္ဂနွေနေ့နှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာလ ၁၀ ရက် တနင်္လာနေ့နံနက်အစောပိုင်းတွင် ကုန်းတွင်းဝင်ရောက်မည်ဟု မျှော်လင့်ရသည်။ ကမ်းရိုးတန်း Aurora ပြည်နယ်တွင် ကယ်ဆယ်ရေးသမားများက ဒေသခံများအား မြင့်မားသောနေရာများသို့ အိမ်တိုင်ရာရောက် လိုက်လံရွှေ့ပြောင်းပေးနေသည်။
“ရေကြီးရေလျှံမှုအန္တရာယ်များနိုင်တဲ့ ဒေသတွေက လူတွေကို ကျွန်တော်တို့ ကြိုတင်ဘေးလွတ်ရာ ရွှေ့ ပြောင်းနေပါတယ်” ဟု ပြည်နယ်ကယ်ဆယ်ရေးသမား Elson Egargue က AFP သတင်းဌာနကို ဖုန်းနှင့် ပြောကြားခဲ့သည်။
Ref : AFP
