MT News
၈. ၁၁. ၂၀၂၅
TNLA လက်နက်ကိုင်များ နယ်မြေလုယက် ဖျက်ဆီးမှုကြောင့် ၁၆ လကျော် ပိတ်ထားရသော ကျောက်မဲမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ကျောက်မဲဒေသတွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှစ၍ ကျောက်မဲ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယာယီပိတ်သိမ်းခဲ့ရကြောင်း၊ ယခုအခါ ကျောက်မဲမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက် ယနေ့မှစ၍ ဘဏ်ကို ပြန်လည်ဖွင့်လှစ်ပြီး နိုင်ငံတဝန်း ငွေလွှဲခြင်းလုပ်ငန်း၊ စာရင်းရှင်စာရင်း ဖွင့်သည့်လုပ်ငန်း၊ အငြိမ်းစားလစာ ထုတ်သည့်လုပ်ငန်း၊ ငွေစုဆောင်းအပ်နှံခြင်းလုပ်ငန်း အစရှိသည့် ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် တာဝန်ရှိသူများသည် ဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးနေသည့် အခြေအနေများကို ကြည့်ရှု၍ သက်ကြီးရွယ်အို အငြိမ်းစား ပင်စင်စားဝန်ထမ်းများကို အားပေးစကား ပြောကြားခဲ့ကြသည်။
