၈.၁၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်နှင့် အစ္စရေးတို့က မက္ကဆီကိုနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး အိုင်းနတ်ခရန့်ဇ်နိုင်ဂါကို လုပ်ကြံဖို့ ကြံစည်မှုနဲ့ အီရန်အစိုးရကို နိုဝင်ဘာလ ၇ ရက်က စွပ်စွဲပြောကြားခဲ့ပါတယ်။
မက္ကဆီကို အာဏာပိုင်တွေက သံအမတ်ကြီး ခရန့်ဇ် အိုင်းနတ်နိုင်ဂါကို အီရန်က လုပ်ကြံဖို့ ကြံစည်တဲ့ အစီအစဉ်ကို ပျက်ပြားစေဖို့ ဝင်ရောက်ဟန့်တားခဲ့တယ်လို့ အစ္စရေးအစိုးရက ပြောကြားခဲ့ပါတယ်။
အမည်မဖော်တဲ့အမေရိကန်အရာရှိတစ်ဦးက ခြိမ်းခြောက်မှုကို ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာ “မက္ကဆီကိုနိုင်ငံရှိ အစ္စရေး သံအမတ်ကြီးကို တိုက်ခိုက်ရန် ကြိုးပမ်းနေသော အီရန်မှ ညွှန်ကြားမှုပြုနေသည့် အကြမ်းဖက်ကွန်ရက်တစ်ခုကို ဟန့်တားနိုင်ခဲ့သည့်အတွက် မက္ကဆီကိုရှိ လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးဌာနများကို ကျေးဇူးတင်ပါသည်” လို့ ဖော်ပြခဲ့ပါတယ်။
မက္ကဆီကိုမှာရှိတဲ့ အီရန်သံရုံးကတော့ ဒီစွပ်စွဲချက်ကို ကြီးမားတဲ့ လိမ်ညာမှုလို့ ခေါ်ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံရှိ တီဟီရန်သံရုံးက X လူမှုကွန်ရက်မှာ “ဒါဟာ မီဒီယာတီထွင်မှုတစ်ခု၊ ကြီးမားတဲ့ လိမ်ညာမှုတစ်ခုဖြစ်ပြီး နှစ်နိုင်ငံစလုံး (မက္ကဆီကိုနဲ့ အီရန်) အကြား ချစ်ကြည်ရင်းနှီးပြီး သမိုင်းဝင် ဆက်ဆံရေးကို ပျက်စီးစေဖို့ ရည်ရွယ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
AFP နဲ့ Reuters အပါအဝင်သတင်းဌာနတွေကအမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးကို ကိုးကားပြီး အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ထိပ်တန်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Quds Force က ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ဒီအကြံအစည်ကို စတင်ခဲ့တယ်လို့ ပြောကြားခဲ့ကြပါတယ်။
အီရန်နဲ့ အစ္စရေးဟာ ဒေသတွင်းရန်ဘက်တွေဖြစ်ပြီး ဆယ်စုနှစ်များစွာကြာအောင် ထိပ်တိုက်မဟုတ်ပေမယ့် တခြားနိုင်ငံအဖွဲ့အစည်းတွေကတစ်ဆင့် နှစ်ဘက်ပဋိပက္ခကို ဆင်နွှဲခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ် အစောပိုင်းမှာတော့ နှစ်နိုင်ငံအကြား ၁၂ ရက်ကြာ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။
အီရန်ဟာ အစဉ်အလာအရ ပါလက်စတိုင်း ဟားမားစ်အုပ်စုနဲ့ အစ္စလမ်မစ်ဂျီဟတ်တို့လို စစ်သွေးကြွ အုပ်စုတွေအပြင် လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာနဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်အဖွဲ့တွေကိုလည်း ထောက်ခံခဲ့ပြီး အဲဒီအဖွဲ့အားလုံးဟာ အစ္စရေးနဲ့ ပဋိပက္ခဖြစ်ပွားနေကြပါတယ်။
အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေက အီရန်နဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ အနောက်နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေနဲ့ သူလျှိုလုပ်ငန်းတွေကို ကြံစည်နေတယ်လို့ မကြာခဏ စွပ်စွဲခဲ့ကြပါတယ်။ ဇူလိုင်လမှာ ဒိန်းမတ်နိုင်ငံသားတစ်ဦးကို အီရန်အတွက် သူလျှိုလုပ်တယ်လို့ဆိုပြီး ဂျာမန်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံ လုံခြုံရေးအေဂျင်စီ ဖြစ်တဲ့ ASIO က အီရန်ဟာ နိုင်ငံအတွင်း ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှုများစွာကို စီစဉ်ခဲ့တယ်လို့ တွေ့ရှိခဲ့ပြီး ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နီးစ်က ဩဂုတ်လမှာ အီရန်သံအမတ်ကြီးကို နှင်ထုတ်ဖို့ တွန်းအားပေးရာရောက်ခဲ့ရပါတယ်။
Ref : AFP, Reuters
