
၄.၁၁.၂၀၂၅
Written by KL
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ကျိုင်းတုံ – တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင်အဆင်းတွင် ကားမှောက်ရာမှ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသား ခြောက်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာလ ၂ ရက် ညနေပိုင်းကခရီးသည် ရှစ်ဦး တင်ဆောင်မောင်းနှင်လာသော မော်တော်ယာဥ်တစ်စီးမှာ စပါယ်ရှယ်တောင် အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ နေရာတွင်သေဆုံးခဲ့ကာ ဒဏ်ရာရသူများကို ကျိုင်းတုံပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဆေးရုံတွင် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် တိုင်းနေနာရေး ကူညီမှု အသင်းထံမှ သိရသည်။

ကျန်ဒဏ်ရာရရှိသူခြောက်ဦးမှာ ခန္ဓာကိုယ်တွင် ပွန်းပဲ့၊ ပေါက်ပြဲဒဏ်ရာနှင့် ခြေနှင့်လက်ကျိုးပဲ့ဒဏ်ရာများရရှိသော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

“စပါယ်ရှယ်တောင်အဆင်းနားက မကြာခဏဖြစ်တာ မြင်ရတယ်၊ ကားမောင်းတဲ့သူတွေအနေနဲ့ သတိထားပြီး မောင်းသင့်တယ်”ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို တိုင်းနေနာရေးကူညီမှုအသင်းမှ အသင်းဝင်များက ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့သည်။
