၂၈. ၁၀. ၂၀၂၅
Translated by Tha Doe
ယနေ့ အင်္ဂါနေ့ နံနက်အစောပိုင်းတွင် ကင်ညာနိုင်ငံ ကမ်းရိုးတန်းဒေသ ကွာလေမြို့အနီး မာဆိုင်း မာရာ အမျိုးသား ဘေးမဲ့တောသို့ အသွားလမ်းတွင် Mombasa Air Safari လေကြောင်းလိုင်းက အပေါ့စား လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုကြောင့် နိုင်ငံခြားသား ခရီးသွားများ အများစုပါဝင်သည့် လူ ၁၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
Mombasa Air Safari လေကြောင်းလိုင်းက ထုတ်ပြန်ချက်တွင် လေယာဉ်ပေါ်၌ ဟန်ဂေရီ ခရီးသည် ၈ ဦးနှင့် ဂျာမန်ခရီးသည် ၂ ဦး ပါဝင်ခဲ့ပြီး ကင်ညာနိုင်ငံသား လေယာဉ်မှူးလည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ လေယာဉ်သည် ကွာလေခရိုင် ဒိုင်ယာနီမြို့ရှိ ဒိုင်ယာနီလေဆိပ်ပြေးလမ်းမှ ၄၀ ကီလိုမီတာ (၂၅ မိုင်) ခန့်အကွာရှိ တောင်ကုန်း ထူထပ်သော သစ်တောနယ်မြေတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
လေကြောင်းလိုင်းက လေယာဉ် ဒိုင်ယာနီမှ ထွက်ခွာသည့် အချိန်အတိအကျကို အတည်မပြုနိုင်သေးဘဲ လေယာဉ်မှူးသည် ထွက်ခွာပြီးနောက် ဆက်သွယ်မှု မပြုလုပ်နိုင်သဖြင့် လေဆိပ် ထိန်းချုပ်ရေးမျှော်စင်က မိနစ် ၃၀ ကြာအောင် ဆက်သွယ်ရန် ကြိုးစားခဲ့ပြီးမှ လေယာဉ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပျက်ကျရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရေး အေဂျင်စီများက ရှာဖွေစစ်ဆေးနေကြောင်း ကွာလေခရိုင် ကော်မရှင်နာ စတီဗင် အိုရီဒေက ပြောသည်။
အာဏာပိုင်များက အစပိုင်းက ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် ပျက်ကျခဲ့သည်ဟု ပြောကြားခဲ့သော်လည်း သယ်ယူပို့ဆောင်ရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင်မူ နံနက် ၈ နာရီ ၃၅ မိနစ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လေကြောင်းလိုင်းသည် လေယာဉ်ပျက် အပိုင်းအစများကို ရှာဖွေတွေ့ရှိသည့် အချိန်အတိအကျကို အတည်မပြုနိုင်ခဲ့ပေ။
ထိုနံနက်ပိုင်းတွင် ကင်ညာ ကမ်းရိုးတန်းဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ပျက်ကျလေယာဉ်သည် မီးလောင်ကျွမ်းခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် တစ်စင်းလုံး မီးလောင်ကျွမ်းထားသည့် အပျက်အစီးများသာ ကျန်ရစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မျက်မြင်တွေ့ရှိသူများက အသံကျယ်ကြီး တစ်ခု ကြားခဲ့ရပြီး အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိချိန်တွင် မှတ်မိနိုင်ခြင်းမရှိသော လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တွေ့ရှိခဲ့ရကြောင်း ပြောသည်။ လေယာဥ်ပျက်ကျမှုတွင် ပါဝင်ခဲ့သည့် အားလပ်ရက်ခရီးထွက်သူများ၏ အဝတ်အထည်များမှာ မြေပြင်နှင့် အနီးရှိ သစ်ပင်များပေါ်တွင် ပြန့်ကျဲနေခဲ့သည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်သည် အင်္ဂါနေ့တွင် လူမှုကွန်ရက်ပေါ်၌ လေယာဉ်ပျက်ကျမှု၌ သေဆုံးခဲ့သည့် ဟန်ဂေရီနိုင်ငံသားများကိစ္စနှင့် ပတ်သက်၍ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကင်ညာအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
“ဘယ်လောက် ဝမ်းနည်းစရာကောင်းတဲ့ ကံကြမ္မာဆိုးလဲဗျာ ” ဟု အော်ဘန်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ထို့အပြင် “ကင်ညာလေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့ရတဲ့ ဟန်ဂေရီမိသားစုတွေအတွက် ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ ဝမ်းနည်းကြောင်း ပြောကြားပါတယ်”ဟုလည်း ဝမ်းနည်းစကားဆိုခဲ့သည်။
ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီယာတိုက သေဆုံးခဲ့သည့် ဟန်ဂေရီနိုင်ငံသား ၈ ဦးတွင် မိသားစု နှစ်စု၊ ၎င်းမိသားစုတို့၏ မိတ်ဆွေတစ်ဦးနှင့် အသက်မပြည့်သေးသူ နှစ်ဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။
“သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ပတ်သက်တဲ့ တရားဝင်သတင်းအချက်အလက်တွေ ရတာနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေကို အကြောင်းကြားသွားမှာပါ” ဟု ဆီယာတိုက လူမှုကွန်ရက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။
ကင်ညာ အရပ်ဘက် လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (Kenya Civil Aviation Authority) က ကနဦးတွင် Cessna Caravan အမျိုးအစား ပျက်ကျလေယာဉ်ပေါ် လူ ၁၂ ဦး ပါဝင်သည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပါဝင်သူအရေအတွက်ကို ၁၁ ဦးသို့ ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ သို့သော် ထိုသို့ လူအရေအတွက် မှားယွင်းသည့် အကြောင်းရင်းကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

Mombasa Air Safari လေကြောင်းလိုင်းသည် ခရီးသွားနေရာများစွာသို့ လူ ၁၃ ယောက် လိုက်ပါစီးနိုင်သော Cessna အပေါ့စား လေယာဉ်ငယ်များကို ပြေးဆွဲနေခြင်းဖြစ်သည်။
ကင်ညာနိုင်ငံ ကမ်းရိုးတန်းဒေသ အနောက်ဘက်တွင် တည်ရှိသည့် မာဆိုင်း မာရာ အမျိုးသား ဘေးမဲ့တောသည် သဲသောင်ပြင်များကြောင့် လူသိများသည့် ကမ်းရိုးတန်းမြို့ ဒိုင်ယာနီမှ တိုက်ရိုက်လေယာဉ်ဖြင့် နှစ်နာရီကြာ ပျံသန်းရသည်။ ထိုဘေးမဲ့တောသည် တန်ဇန်းနီးယားရှိ ဆာရင်ဂေတီမှ နှစ်စဉ် တောဆိတ်များ ရွှေ့ပြောင်းခြင်းကို ဖော်ပြထားသောကြောင့် ခရီးသွားဧည့်သည် အများအပြားကို ဆွဲဆောင်နိုင်သည်။
ထို့အပြင် အိန္ဒိယသမုဒ္ဒရာတစ်လျှောက်ရှိ ကင်ညာကမ်းရိုးတန်း၏ သဲဖြူသောင်ပြင်များသည် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။
နိုင်ငံတကာ အရပ်ဘက် လေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်း (International Civil Aviation Organisation) ၏ ဝက်ဘ်ဆိုတ်တွင် တင်ထားသော ကင်ညာအတွက် ၂၀၁၈ ခုနှစ်မှ နောက်ဆုံး လေကြောင်းပျံသန်းမှု ဘေးအန္တရာယ် ကင်းရှင်းရေး စစ်ဆေးမှုမှတ်တမ်းအရ မတော်တဆမှု စုံစမ်းစစ်ဆေးရေး နယ်ပယ်တွင် ကင်ညာ၏ စွမ်းဆောင်ရည်သည် ပျမ်းမျှအဆင့်အောက် ကျဆင်းနေခဲ့ကြောင်း သိရသည်။
Ref, SCMP
