◾️ ငြိမ်းချမ်းရေး ရရှိလာသည်နှင့်အမျှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများအကြား စိုးရိမ်သောကဖြစ်မှုများကို သက်သာစေရန်နှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမည်ဟုပါ ဖော်ပြ

နေမိုး
၂၈. ၁၀. ၂၀၂၅
၈၈ မျိုးဆက်မှ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီက အချက် ၃၀ ပါ ရွေးကောက်ပွဲကြေညာစာတမ်းကို ယနေ့ ထုတ်ပြန်လိုက်ပြီး အဆိုပါစာတမ်းတွင် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများနှင့် ပြည်သူတို့၏ နေ့စဉ်ဘဝလုံခြုံရေး၊ စားဝတ်နေရေးကိစ္စများကို အဓိက ဦးစားပေး ဖြေရှင်းသွားမည် ကြေညာချက်တစ်ခုကို ပါဝင်ဖော်ပြထားသည်။
ထို့အပြင် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် သာမန်အခြေအနေတွင် ကျင်းပရသည့် ရွေးကောက်ပွဲ များကဲ့သို့ မဟုတ်ဘဲ ရွေးကောက်ပွဲအလွန်တွင် မည်သည့်အကြောင်းအရာများကို ဦးစားပေး ဆောင်ရွက်ကြမည် ဆိုသည်က အလွန်အရေးကြီးသည်ဟု ယုံကြည်ကြောင်း၊ ပြည်သူ့ပါတီအနေဖြင့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများနှင့် ပြည်သူတို့၏ နေ့စဉ်ဘဝလုံခြုံရေး၊ စားဝတ်နေရေးကိစ္စများကို အဓိက ဦးစားပေး ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ပဋိပက္ခပြင်းထန်သည့်ကာလတွင် အစွန်းတရားများ၊ အမုန်းတရားများ လှုံ့ဆော်ကြီးထွားလေ့ရှိသော်လည်း နိုင်ငံတော် ပြန်လည်စုစည်းတည်ဆောက်ရေးအမြင်ကို မျက်ခြည်ပြတ် မခံဘဲ အကြောင်းကြောင်းကြောင့် ကွဲကွာနေရသော မိသားစုများ ပြန်လည်ဆုံစည်းနိုင်ရေးနှင့် ငြိမ်းချမ်းသည့်နည်းလမ်း၊ နိုင်ငံရေးနည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ တွင် ပူးပေါင်းပါဝင်လာကြစေရေး အဓိကထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စစ်ဘေးရှောင် နေရပ်စွန့်ခွာပြည်သူများ လုံခြုံစိတ်ချစွာ နေရပ်ပြန်လည်အခြေချ နေထိုင်နိုင်ရေး၊ ပြန်လည် ထူထောင်ရေး၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဝန်ဆောင်မှုများ ပြန်လည်ခံစားရရှိစေရေးအတွက် မူဝါဒတစ်ရပ် ညှိနှိုင်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်မှုရရှိစေရန် ဆောင်ရွက်မည်ဖြစ်ကာ ငြိမ်းချမ်းရေး ရရှိလာသည်နှင့်အမျှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများအကြား စိုးရိမ်သောကဖြစ်မှုများကို သက်သာစေရန် ဆောင်ရွက်မည်ဟုဆိုသည်။ ထို့အပြင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုများကို ထိန်းချုပ်နိုင်ရန်၊ နည်းဥပဒေညွန်ကြားချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ဥပဒေနှင့်အညီ မှန်မှန် ကန်ကန် ဆောင်ရွက်စေရန် စစ်ဆေးကြီးကြပ်ခြင်းများ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဖော်ပြသည်။

ထို့အပြင် လက်နက်ကိုင်ပဋိပက္ခ၏ အခြေခံဇစ်မြစ်ဖြစ်သော တိုင်းရင်းသားတိုင်း တန်းတူညီမျှရေး၊ ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေးအတွက် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားတိုင်း ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှဖြစ်မှု၊ နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ခံစားရရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးစံ တန်ဖိုးများကို ပြန်လည်ထိန်းသိမ်းမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အခြေခံအကြောင်းတရားဖြစ်သော မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများကို နှိမ်နင်းတိုက်ဖျက်သွားမည်ဖြစ်သည့်အပြင် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရန် နိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံ လူနေမှုစားရိတ်နှင့် လိုက်လျောညီထွေသည့် လုပ်ခလစာ၊ အဆောင်အယောင် ခံစားခွင့်များ ရရှိခံစားနိုင်စေရန်နှင့် စွမ်းရည်ထက်မြက်ပြီး ကျစ်လစ်သော ဝန်ထမ်းယန္တရား ပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။

ယင်းအပြင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးစနစ်ကို ခေတ်နှင့်လျော်ညီပြီး အဂတိလိုက်စားမှုများကို လျှော့ချ နိုင်မည့် E- Government အဆင့် အမြန်ဆုံးရောက်ရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရားမျှတပြီး ခေတ်နှင့်လိုက်လျောညီထွေဖြစ်မည့် ဥပဒေများ ဖြစ်ထွန်းလာစေရန်နှင့် ပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ အမိန့်များကို စီစစ်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များ၊ ပယ်ဖျက်အစားထိုးသင့်သည်များ၊ အသစ်ပြဌာန်းသင့်သည်များကို အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော လျှပ်စစ်မီး မှန်မှန်ရရှိစေ ရေးနှင့် စွမ်းအင်ကဏ္ဍ ဖူလုံရေးအတွက် အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တောင်သူလယ်သမားများ ကြွေးမြီကင်းရှင်းစေရေး၊ စိုက်ပျိုးရေးစရိတ်ချေးငွေများ၊ သီးနှံ အာမခံစနစ်များ ခံစားရရှိစေရေး၊ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ၊ စိုက်ပျိုးရေ ရရှိစေရေး၊ သီးနှံထွက်ကုန်များ လက်ဝါးကြီးအုပ် ဈေးကစားခြင်းမှ အကာအကွယ်ပေးရေး၊ စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြင့်ကုန်စည် ထုတ်လုပ်နိုင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်သည့်အပြင် မွေးမြူရေးနှင့် ရေထွက်ပစ္စည်းလုပ်ငန်းများ ဖွံ့ ဖြိုးရေးအတွက် နည်းပညာအရင်းအနှီးနှင့် ဈေးကွက်အဆက်အသွယ်များ ရှာဖွေကူညီပေးမည်ဟုလည်း ကြေညာသည်။

အဆိုပါ အချက်များအပြင် လယ်ယာသားငါးထွက်ကုန်များ၊ စက်မှုထွက်ကုန်များ ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရေး အတွက် လိုအပ်သည့် ကုန်ထုတ်လမ်းကြောင်းများ၊ ပြည်ထောင်စုလမ်းမကြီးများ၊ လမ်းကွန်ရက်များ အဆင့်မြှင့် ပြုပြင်တည်ဆောက်ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ လုံခြုံ ချောမွေ့စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လမ်း တံတား အဆောက်အအုံများ၊ လူနေအိမ်ယာများ၊ အိမ်ခြံမြေဈေးကွက် စနစ်တကျ ဖွံ့ ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာဝသယံဇာတ ထုတ်လုပ်မှုများအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြန်လည် ကုစားရေး၊ သက်ဆိုင်ရာဒေသ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံမှု အစီအမံများ ( Community Reinvestment ) ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်နှင့် အာမခံလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်မူဝါဒများ ညှိနှိုင်းပြင်ဆင်ရေးဆွဲကာ ကဏ္ဍအသီးသီးအတွက် ဖွံ့ဖြိုးရေးဘဏ်များ စနစ်တကျ တည်ထောင်ဖွံ့ ဖြိုးလာစေရန် ဆောင်ရွက်မည်ဖြစ်သည့်အပြင် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပြည်ပလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နိုင်ရန် ဘဏ်တိုးနှုန်းကို ပြန်လည်ချိန်ညှိပေးနိုင်ရန်နှင့် ငွေကြေးဈေးကွက် တည်ငြိမ်မှု ရရှိစေရန် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ယင်းဖော်ပြမှုများအပြင် အခွန်အကောက် ကောက်ယူရာတွင် ရိုးရှင်းပြီး သင့်တင့်မျှတသော အခွန်အကောက်စနစ် ဖြစ်ရန်၊ အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကျယ်ပြန့်သည့် အခွန်ထမ်းစနစ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်သက်ဝင်အားကောင်းလာစေရန် စီးပွားရေးနှိုးဆွမှု အစီအမံများ ( Economic Stimulus Plan ) စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး တင်းကျပ်သော စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ၊ ကြိုးနီစနစ်များကို ပြုပြင်ဖြေလျှော့ခြင်းများ ( Deregulation ) ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အသေးစား အလတ်စားနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ အားကောင်းသန်မာစေရန် ငွေကြေးဈေးကွက်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်ရေး၊ အများပိုင်ကုမ္ပဏီများ ပေါ်ပေါက်လာစေရေး အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွံ့ ဖြိုးတိုးတက်ရေး၏ အခြေခံဖြစ်သော ကိန်းဂဏန်း စာရင်းဇယားများ မှန်ကန်တိကျရေး နှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွန်းများ တိတိကျကျ သတ်မှတ်ဖော်ဆောင်နိုင်ရေး အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပညာရေးစနစ်ကို နိုင်ငံသားတိုင်း အလယ်တန်းပညာအဆင့် သင်ကြားတတ်မြောက်နိုင်စေရန်နှင့် ဆင်ခြင်တုံတရားကို အားပေးသောပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အထက်ပါအချက်များအပြင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် သက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ဦးစားပေး ဖိတ်ခေါ်ခြင်း၊ ပြည်ပ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် လူငယ်များအတွက် ဥပဒေအကာအကွယ် ရရှိခံစားနိုင်စေရေး၊ နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိပြီး ကျွမ်းကျင်လုပ်သားအင်အားများ ပြန်လည်ရရှိနိုင်စေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ ကျန်းမာရေးအတွက် အစားအစာ၊ ဆေးဝါး၊ သောက်သုံးရေ အစရှိသည်တို့ ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် အန္တရာယ်မကင်းသည့် ဓာတုဆေးဝါးများ၊ ဆိုးဆေးများ သုံးစွဲနေမှုတို့ကို တင်းတင်းကျပ်ကျပ် စိစစ် ထိန်းချုပ်ကာ နေ့စဉ်ရှူရှိုက်နေရသော လေကောင်းလေသန့် ရရှိနိုင်ရန် လေထုညစ်ညမ်းမှု လျှော့ချရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြေအောက်ရေသုံးစွဲမှု စနစ်တကျ စီမံ ခန့်ခွဲခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော် မြေအသုံးချမှုဆိုင်ရာ မူဝါဒများကို ပြန်လည် ညှိနှိုင်းသုံးသပ်မည်ဖြစ်သည့်အပြင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသ တွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် အပြန်အလှန် ချစ်ကြည်လေးစားမှုဖြင့် ငြိမ်းချမ်းစွာ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြထားသည်။

