၂၈. ၁၀. ၂၀၂၅
Written by Nay Moe
လက်ဖက်ရည်ဆိုင်တွင်ရှိနေသည့် USDP ပါတီ၏ လမ်းမတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းကို စာပို့ဝန်ထမ်းဝတ်စုံဝတ်ဆင်ထားသူက ခြိမ်းခြောက်စာပို့လာ၍ ခြိမ်းခြောက်သူအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညီညီသွယ်(၅၃)နှစ်သည် အဆိုပါရပ်ကွက်ရှိ ၎င်းဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်၌ ရှိနေစဉ် စာပို့ဝန်ထမ်းဝတ်စုံဝတ်ဆင်ထားသူ တစ်ဦးမှ စာတစ်စောင် လာရောက်ပေးပို့သဖြင့် ဖွင့်ဖောက်ကြည့်ခဲ့ရာ ၎င်းအား ခြိမ်းခြောက်ရေးသားထားသည့်စာဖြစ်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါခြိမ်းခြောက်စာ ရေးသား၊ ပေးပို့သူ(စိစစ်ဆဲ)အား လမ်းမတော်မြို့မရဲစခန်းက (ပ) ၁၀၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ထိုနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင်ပင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့မ(၂)ရပ်ကွက်နေ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဖြစ်သူ ဦးလင်းနိုင်ဦး(၃၉)နှစ်သည် ၎င်း၏ညီဖြစ်သူ ဦးကျော်လင်းဦး(၃၃)နှစ်နှင့်အတူ ကိုယ်ပိုင် မော်တော်ယာဉ်ဖြင့် မော်လမြိုင်မြို့သို့ ရေး-မော်လမြိုင်ကားလမ်းအတိုင်း ထွက်ခွာလာစဉ် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီး အနင်းလမ်းခွဲအရောက်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ဦးလင်းနိုင်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သဖြင့် အဆိုပါအကြမ်းဖက်သမားများအား အောက်တိုဘာ ၂၂ ရက်တွင် သံဖြူဇရပ် မြို့မရဲစခန်းက (ပ)၂၃၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (ခ) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။
