◾️ ပိုလျှံရန်ပုံငွေများကို ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသောလုပ်ငန်းနှင့် ပြည်သူလူထုတို့မှ တောင်းဆိုသည့်နေရာများတွင် အမြန်ဆုံးလုပ်ငန်းဖော်ဆောင်ရန်ပါ မှာကြား
၂၈. ၁၀. ၂၀၂၅
Written by Nyein Kyaw
ငလျင်ပြန်လည်ထူထောင်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုထားသည့် အသုံးစရိတ်များအနက်မှ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) သို့ ပြန်လည်အပ်နှံငွေ ကျပ်ဘီလျံ ၂,၀၀၀ ကျော်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေသို့ လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ပြောကြားသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်ပိုင် အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးစွဲနိုင်ရန် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုထားသည့် အသုံးစရိတ်များအနက်မှ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) သို့ ပြန်လည်အပ်နှံငွေ ကျပ် ၂၀၆၉ ဒသမ ၃၃၆ ဘီလျံကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေထဲကို လွှဲပြောင်းထည့်ပေးခဲ့ပြီးလည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။



ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မလွှဲမရှောင်သာသည့် အခြေအနေများကြောင့် မူလရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသည့် ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှ နောက်ကျပြီးအပ်နှံခြင်းမပြုဘဲ တတ်နိုင်သမျှဆောလျင်စွာ ပြန်လည်အပ်နှံကြရန် မှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ် မှုတိုးမြှင့်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ ဆောင်ရွက်ရန် လိုအပ်သည့်ဌာနများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဘဏ္ဍာရေးနှစ်အတွင်း အကျိုးရှိအောင် ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဖြည့်စွက်ခွင့်ပြုငွေများ တင်ပြတောင်းခံရာတွင် အချိန်တိုကာလအတွင်း အမြန်ဆုံးအကျိုးဖြစ်စေမည့် လုပ်ငန်းများကို တင်ပြတောင်းခံသွားရန်လိုကြောင်း၊ ပိုလျှံရန်ပုံငွေများကို နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမည့် နေရာများတွင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ထိုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသော လုပ်ငန်းများနှင့် ပြည်သူလူထုတို့မှ တောင်းဆိုသည့်နေရာများတွင် အမြန်ဆုံးလုပ်ငန်းဖော်ဆောင်သွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
