◾️ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးပြီး တည်ငြိမ်သည့်အစိုးရတစ်ရပ် ထွက်ပေါ်လာစေရေး မျှော်မှန်းဆောင်ရွက်ပေးရမည်ဟုပါ ပြောကြား
၂၈. ၁၀. ၂၀၂၅
Written by Nyein Kyaw
မဲမသမာမှုမရှိစေဘဲ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ဝန်ကြီးဌာနများ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ မဲစာရင်းများပြုစုရာတွင် မှားယွင်းမှုနှင့် မဲမသမာမှုများမရှိစေရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် ယနေ့ ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့် မဲမသမာမှုများပြုလုပ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ယူခဲ့ရသည့်အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်မှုမရှိစေရေး Myanmar Electronic Voting Machine (MEVM) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MEVM စက်များသည် မဲမသမာမှု မည်ကဲ့သို့မျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မှန်ကန်သည့် ရွေးကောက်ပွဲ၊ မဲမသမာမှုမရှိသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲ ဖြစ်စေရေး မဲစာရင်းများမှန်ကန်မှုရှိရေးသည် အဓိကကျကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မဲစာရင်းများပြုစုရာတွင် အမှားအယွင်းမရှိစေရေး၊ မဲမသမာမှုများမရှိစေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယနေ့မှစ၍ မဲဆွယ်စည်းရုံးမှုကာလစတင်မည်ဖြစ်ပြီး ပါတီများအလိုက် မဲဆွယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ကြတော့မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးပြီး တည်ငြိမ်သည့်အစိုးရတစ်ရပ် ထွက်ပေါ်လာစေရေး မျှော်မှန်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
