◾️ ရွေးကောက်ပွဲ ကျင်းပမည့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များတွင် ပြည်တွင်းမီဒီယာတစ်ခုလျှင် (၄) ဦးနှုန်းဖြင့် သတင်းရယူခွင့် ပြုသွားမည်
၂၈. ၁၀. ၂၀၂၅
Written by Nyein Kyaw
ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာသမားများ ရွေးကောက်ပွဲ နေ့ရက်များအတွက် သတင်းရယူခွင့် သက်သေခံကတ်ပြားများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ အသိပေးကြေညာထားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို သတင်းရယူလိုသည့် သတင်းမီဒီယာများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်များနှင့်အညီ လွတ်လပ်စွာ သတင်းရယူခွင့်ရှိသည်။
သတင်းရယူလိုသည့် ပြည်တွင်းမီဒီယာများကို အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များတွင် မီဒီယာတစ်ခုလျှင် (၄) ဦးနှုန်းဖြင့် သတင်းရယူခွင့် ပြုသွားမည်ဖြစ်သည်။
သတင်းမီဒီယာသမားများသည် ရွေးကောက်ပွဲနေ့ သတင်းရယူခွင့် သက်သေခံကတ်ပြားများ လျှောက်ထားရာတွင် ပြည်တွင်းသတင်းမီဒီယာသမားများသည် မိမိကိုယ်စားပြုသည့် ပြည်တွင်းသတင်း မီဒီယာအဖွဲ့အစည်းမှ ရွေးကောက်ပွဲ သတင်းရယူရန် တာဝန်ပေးစေလွှတ်ထားသူ ဖြစ်ကြောင်း အထောက်အထားစာကို တင်ပြ၍ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံတွင် လျှောက်ထားရမည်ဖြစ်သည်။
ပြည်တွင်း ပုဂ္ဂလိကသတင်းမီဒီယာသမားများသည် ကိုယ်တိုင်ရေးလျှောက်လွှာတွင် မိမိနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်း၏ ထောက်ခံချက်စာကို တင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် လျှောက်ထားရမည်ဖြစ်ပြီး ခရိုင်တစ်ခုထက်ပို၍ သတင်းရယူလိုပါက သတင်းရယူလိုသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ထပ်မံလျှောက်ထားရမည်ဖြစ်သည်။
နိုင်ငံတကာသတင်းမီဒီယာများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ထောက်ခံပေးသည့် နိုင်ငံတကာသတင်း မီဒီယာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကိုသာ ခွင့်ပြု၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်သည်။
သတင်းမီဒီယာသမားများသည် အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲနေ့ရက်များအတွက် သတင်းရယူခွင့် သက်သေခံကတ်ပြားများ လျှောက်ထားခြင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထား၍ ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာထားသည်။
