နေမိုး
၂၉. ၁၀. ၂၀၂၅
လာမည့်ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး မှတ်ကျောက်တင်နိုင်အောင် ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်နေသဖြင့် ပေါ်ထွက်လာမည့် ရွေးကောက်ပွဲရလဒ်နှင့် အစိုးရသစ်သည် တရားဝင်မှုကို ရရှိစေမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီက အောက်တိုဘာ ၂၈ ရက်တွင် စတင်ထုတ်လွှင့်သော မဲဆွယ်စည်းရုံးရန် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဥ်တို့ကို ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
“၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကစပြီးကျွန်တော်တို့နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို စတင်ကျင်းပမှာဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး မှတ်ကျောက်တင်နိုင်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ချက်နဲ့အတူ နိုင်ငံတော်အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က ပြည်တွင်း/ပြည်ပ ပွင့်လင်းမြင်သာစွာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များကိုဖိတ်ခေါ်ပြီး ဆောင်ရွက်သွားမှာဖြစ်လို့ ပေါ်ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်နဲ့ အစိုးရသစ်သည်လည်း တရားဝင်မှုကို ရှိစေမှာဖြစ်ပါတယ်”ဟု ဦးခင်ရီက ပြောကြားသည်။
ထို့အပြင် USDP အနေဖြင့် လွန်ခဲ့သည့် သုံးနှစ်မှစတင်ပြီး ပြည်သူလူထု၏ အဓိကလိုအင်ဆန္ဒများကို စနစ်တကျလေ့လာပြီး ဘာသာရပ်ဆိုင်ရာ လက်တွေ့ကျွမ်းကျင်သူများ ဖိတ်ကြား၍ ကြိမ်ဖန် များစွာဆွေးနွေးကြကာ နိုင်ငံတော်၏ အနာဂတ်အစီအမံများကို ဆွေးနွေးအဖြေ ရှာခဲ့ကြရာဆွေးနွေးချက်များမှာ ဒို့တာဝန်အရေးသုံးပါးကို အခြေခံပြီး ကဏ္ဍစုံ၊ နယ်ပယ်စုံဆွေးနွေးခဲ့ကြ၍ ပါတီ၏ အနာဂတ်အစီအမံ ကတိကဝတ်များအဖြစ် ရွေးကောက်ပွဲကြေညာစာတမ်းတွင် အပြည့်အစုံ ဖော်ပြထားပြီး ဖြစ်ကြောင်းနှင့် ပထမဦးဆုံး လုပ်ဆောင်မည်မှာ နိုင်ငံတော်၏ ကဏ္ဍအသီးသီးကို လေ့လာဆန်းစစ်၍ ဦးစားပေးကဏ္ဍထုတ်နုတ်လုပ်ဆောင်မည်ဟုလည်း ဦးခင်ရီက ပြောကြားသည်။
ထို့အပြင် အဓိက လုပ်ဆောင်မည့် နယ်ပယ်များအဖြစ်”နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်ရင် တပ်မတော်နဲ့ အစဉ်လက်တွဲပြီး ကူညီပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကဏ္ဍနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်ရင် တပ်မတော်နဲ့ အစဉ်လက်တွဲပြီး ကူညီပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကဏ္ဍနဲ့ ပတ်သက်လာရင် တရားဥပဒေစိုးမိုးရေး အင်အားစုတွေလို့ခေါ်ရတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အခွန်ဦးစီးဌာန၊ တရားရေးဌာနနဲ့ ဥပဒေဌာန စသည်ဖြင့် များစွာသောအဖွဲ့အစည်းတွေနဲ့ ဘက်စုံထောင့်စုံ ပီပီပြင်ပြင် ချိတ်ဆက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီနည်းပညာတွေ ဖြည့်တင်းပြီး အင်အား တိုးမြှင့်ခြင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော လုံခြုံရေးစနစ်ကို တည်ဆောက်ခြင်း၊ ရဲတက္ကသိုလ်တစ်ခု သီးခြားဖွင့်လှစ်ပြီး အကြမ်းဖက်မှု၊ ပြည်တွင်းလုံခြုံရေးနဲ့ မှုခင်းနှိမ်နင်းရေးကို အရည်အသွေးပြည့်မီစွာ ထမ်းဆောင်နိုင်ဖို့ စီမံ ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်ရှိဖွဲ့စည်းပုံမှာ လိုအပ်နေတဲ့ တိရစ္ဆာန်များ စနစ်တကျ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းစောင့်ရှောက်ရေးရဲတပ်ဖွဲ့ အပါအဝင် လိုအပ်သော လုံခြုံရေးအဖွဲ့အစည်းတွေကို တိုးချဲ့ဖွင့်လှစ်သွားပါမယ်။ရဲစခန်းတစ်ခုပိုင် နယ်မြေအတွင်းမှာရှိတဲ့ အိမ်ရာတိုင်းကို သက်ဆိုင်ရာ နယ်မြေရဲစခန်းနဲ့ ချိတ်ဆက်မှုစနစ်မျိုး တည်ဆောက်ထားခြင်း၊ အနီးဝန်းကျင်ရှိ ရဲစခန်းအချင်းချင်း အချိန်နဲ့တစ်ပြေးညီ ကွန်ရက်ဆက်သွယ်မှုစနစ်ကို ထူထောင်ခြင်းတွေပြုလုပ်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ရာဇဝတ်မှု နှိမ်နင်းခြင်း တွေကို ပိုမိုအားဖြည့်ဆောင်ရွက်သွားပါမယ်”ဟု ဦးခင်ရီက ပြောကြားသည်။
အလားတူ အုပ်ချုပ်ရေးကဏ္ဍကို အစိုးရအုပ်ချုပ်ရေးစနစ်အသွင်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်အသွင်သို့ ပြောင်းလဲခြင်း၊ ဟန့်တားကြန့်ကြာစေသည့် ကြိုးနီစနစ်များကိုဖယ်ရှားပစ်ခြင်းကို အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်သလိုတရားစီရင်ရေးကဏ္ဍတွင် ဘက်လိုက်မှု၊ ကြန့်ကြာမှု၊ အဂတိမှုများ မဖြစ်ပေါ် စေရေးအတွက် စနစ်တကျစောင့်ကြည့်လေ့လာရေး ယန္တရားတစ်ရပ်ထူထောင် ပြီး လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားမည့်အပြင် နိုင်ငံသားတိုင်း ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများ၏ အကာအကွယ်ကို အပြည့်အဝခံစားရရှိစေဖို့ ဆောင်ရွက်သွားမည်ဟုလည်း ဦးခင်ဦက စည်းရုံးသည်။
“အခြေခံစားဝတ်နေရေး အဆင်ပြေစေရေးနဲ့ ပတ်သက်ပြီး ကုန်စည် စီးဆင်းမှု လျင်မြန်မှန်ကန်စေဖို့ ဟန့်တားနေတဲ့ အတားအဆီးတွေအားလုံး ဖယ်ရှားခြင်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ သီးနှံဇုန်၊ မွေးမြူရေးဇုန်၊ ရော်ဘာဇုန်၊ သားငါးဇုန်၊ အလှပန်း မာန်ဇုန် စသည်ဖြင့် သီးခြားဇုန်တွေသတ်မှတ်၍ သွင်းအားစုတွေကို အကောက်ခွန်နှုန်း လျှော့ချတင်သွင်းစေပြီး အစိုးရသက်တမ်းတစ်ခုအတွင်းမှာ ပြည်တွင်း လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ကာ ပို့ကုန်/သွင်းကုန် မူဝါဒတွေကို ပြန်လည်ဆန်းစစ်ခြင်း၊ ဇုန်တွေက ထွက်ရှိသော ထွက်ကုန်တချို့အား ပြည်ပ ပို့ကုန်အဖြစ် ဆောင်ရွက်ခြင်းများပြုလုပ်ခြင်းဖြင့် ကုန်စည်ဈေးနှုန်းတွေ ကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်းတို့ကိုလည်း တစ်ပါတည်း ပူးတွဲဆောင်ရွက်သွားပါမယ်။ စီးပွားရေးကဏ္ဍမှာ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ သွင်းကုန်မူဝါဒ၊ ပို့ကုန်မူဝါဒ၊ ကုန်သွယ်မှုမူဝါဒတွေကို နိုင်ငံတော်နဲ့ ပြည်သူအားလုံးအတွက် လုပ်သာကိုင်သာရှိသော အခြေအနေမျိုးဖြစ်အောင် စိစစ်ဆောင်ရွက်သွားပါမယ်” ဟုလည်း ဦးခင်ရီက ပြောကြားသည်။
အလားတူ လယ်ယာကဏ္ဍတွင် မြန်မာ့တောင်သူ လယ်သမားများ ကြွေးမြီသံသရာက တစ်စချင်းတစ်စချင်း လွတ်မြောက်အောင် အစိုးရသက်တမ်းတစ်ခုအတွင်း အာမခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အလုပ်သမားကဏ္ဍအနေနှင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကြောင့် တည်ငြိမ်အေးချမ်းမှုနဲ့အတူ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမည်ဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုအဆင်ပြေလာမည် ဖြစ်ပြီး အဆိုပါအချက်ကို ထိထိမိမိအသုံးချနိုင်ရန်အတွက် ပြည်တွင်းရှိ သက်မွေး ပညာကျောင်းများတွင် “အာဆီယံအဆင့်” သတ်မှတ်နိုင်အောင်စီမံ၍ ပေါ်ပေါက်လာသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ရယူခံစားနိုင်အောင် ဆောင်ရွက်သွားမည်ဟုလည်း ဦးခင်ရီက ထည့်သွင်းပြောကြားသည်။
ယင်းအပြင်” အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို လက်ရှိအခြေအနေနဲ့ ကိုက်ညီ အောင်တိုးမြှင့်ခြင်း၊ အလုပ်သမားအခွင့်အရေး အကာအကွယ်ပေးရေး ဥပဒေတွေကို ဖြည့်စွက်ပြဋ္ဌာန်းခြင်း၊ ပြည်ပသို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားအားလုံး တရားဝင်ဖြစ်စေဖို့ အစိုးရချင်းညှိနှိုင်းဆောင်ရွက်ပြီး ၎င်းတို့ရဲ့ မိသားစုထံလွှဲပြောင်းငွေတွေကို တရားဝင်နည်းလမ်းဖြင့် ပိုမိုအဆင် ပြေချောမွေ့စေရန်လည်း စီမံဆောင်ရွက်ပေးပါမယ်။ ဝန်ထမ်းကဏ္ဍအနေနဲ့ အခြေခံလစာကို လက်ရှိအခြေအနေနဲ့ ကိုက်ညီနိုင်အောင် တိုးမြှင့်ပေးပြီး ကုန်ဈေးနှုန်းတွေ လိုက်လံတိုးမြင့်မလာစေဖို့ လိုအပ်သောဥပဒေများ၊ ထိန်းကျောင်းမှုများ စတာတွေကို ချမှတ်ဆောင်ရွက်သွားပါမယ်။ ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်စဉ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် သွားလာရေး၊ နေထိုင်ရေးကိစ္စတွေမှာ အခွင့်အရေးများရရှိစေဖို့ စီမံဆောင် ရွက်သွားပါမယ်။ ဝန်ထမ်းတွေအတွက် လူမှုဖူလုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက် မှုစနစ်တွေကို ပိုမိုအားဖြည့်ဆောင်ရွက်သွားပါမယ်။ ဝန်ထမ်းအငြိမ်းစားတွေအတွက် ခေတ်နဲ့အညီ ရပ်တည်နိုင်အောင်လည်း စီမံဆောင်ရွက်သွားပါမယ်။ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန် ဆောင်မိခင်လောင်းတွေ၊ မသန်စွမ်းတွေ ကူညီစောင့်ရှောက်ရေးနဲ့ လိုအပ်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ရေးကိုလည်း ဥပဒေပြဋ္ဌာန်းပြီး အစီအမံတစ်ရပ် ချမှတ်ဆောင်ရွက်သွားပါမယ်။ ပညာရေးကဏ္ဍမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ အလယ်တန်းအဆင့်အထိအခမဲ့ပညာသင်ကြားရေးစနစ်ကို အားဖြည့်ဆောင်ရွက်သွားပါမယ်။ သက်ဆိုင်ရာ တိုင်း/ပြည်နယ်အလိုက် ကျောင်းစတင်အပ်နှံရမယ့် (၅)နှစ်ကျောင်းနေအရွယ် ကလေးများစာရင်းကောက်ယူရေး လုပ်ငန်းယန္တရားတစ်ခုကို ဒေသအာဏာပိုင် များ အစီအစဉ်နဲ့ ကွက်လပ်မကျန်ဆောင်ရွက်ပါမယ်။ ယင်းနောက် ကျောင်းနေ အရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး စီမံသွားပါမယ်။ မိသားစု စားဝတ်နေရေးအတွက် အခြေအနေအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှုမပြုနိုင်တဲ့ ကလေးတွေအတွက်“ကျောင်းပြင်ပ ပညာရေးစနစ်”ကို အစားထိုးဆောင်ရွက်ပြီး ကျောင်းနေအရွယ်အားလုံး ကြွင်းကျန်မှုမရှိရအောင် စီမံဆောင်ရွက်သွားပါမယ်။ အဲဒီနောက် နိုင်ငံတကာအဆင့်မီပညာရေးမြင့်မားလာစေဖို့သင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားပါမယ်။ ကျောင်းများမှာပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ လူ့ကျင့်ဝတ်၊ တရားဥပဒေတို့ကို လေးစားလိုက်နာသော နိုင်ငံသားတွေဖြစ်လာအောင် ကျောင်းသင်ရိုးညွှန်းတမ်းများမှာဒီအချက်တွေ ထည့်သွင်းရေးဆွဲပြီး အလယ်တန်းအဆင့်အထိ မသင်မနေရဘာသာတစ်ခုအဖြစ် သင်ကြားစေခြင်း၊ ပြည်ထောင်စုစိတ်ဓာတ်ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသားတိုင်းသည် မိမိဘာသာစကားအပြင် တိုင်းရင်းသားဘာသာစကား တစ်မျိုးမျိုးကို အလယ်တန်းအဆင့်အထိ မသင်မနေရ သင်ယူစေခြင်း စတာတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ဦးခင်ရီက စည်းရုံးပြောကြားသည်။
