၂၇. ၁၀. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်ပြည်သူ့ရင်ပြင်တွင် မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့် သက်ဆိုင်သည့် အထိမ်းအမှတ်ရုပ်တုများကို ထည့်သွင်းတည်ဆောက်ရန် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။

ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်အတွင်း မြန်မာ့ရိုးရာပွဲတော်များ၊ အခမ်းအနားများ ကျင်းပနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့် သက်ဆိုင်သည့် အထိမ်းအမှတ်ရုပ်တုများကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ရေး ဒီဇိုင်းရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်အလိုက်စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးဒဏ်မှ ခံနိုင်ရည်ရှိစေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်မှု အရည် အသွေးပိုင်းဆိုင်ရာ စစ်ဆေးရန်တာဝန်ရှိသူများအနေဖြင့်လည်းအဆင့်လိုက် စနစ်တကျ ဖြစ်စေရေး စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ယာယီသမ္မတက လမ်းညွှန်မှာကြားသည်။

ထို့ပြင် ရာဇသင်္ဂဟလမ်းပေါ်၌ နေပြည်တော်မြို့အဝင် မုခ်ဦးတည်ဆောက်ရန်လျာထားနေရာသို့ ရောက်ရှိကြပြီး မြို့အဝင် မုခ်ဦးတည်ဆောက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ရာဇသင်္ဂဟလမ်းမကြီးမှ နေပြည်တော်လေဆိပ်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် နေပြည်တော်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပမှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဗိုလ်ရှုခံစင်မြင့်နေရာသို့ ရောက်ရှိကြပြီး ဗိုလ်ရှုခံစင်မြင့်နှင့် စင်မြင့်မျက်နှာစာနေရာတို့အား အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ဆန်းစစ် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို ယာယီသမ္မတက လမ်းညွှန်မှာကြားသည်။

ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လွှတ်တော်ဝန်းအတွင်းရှိ အဆောက်အဦများအား ပြန်လည်ပြုပြင်တည် ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွှတ်တော်အဝင်အမှတ်(၁) တံတားအား Synchronise jack အသုံးပြုသည့် ခေတ်မီနည်းပညာဖြင့် ပင့်တင်၍ ပြုပြင်ခဲ့သည့် အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။
ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည် ဆောက်မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း စနစ်တကျဖြင့် မှတ်တမ်းထားရှိသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီးနောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် လွှတ်တော်ဝန်းအတွင်းအဆောက်အဦများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
