MT News
၂၇. ၁၀. ၂၀၂၅
ဆိုင်ကလုန်းမုန်တိုင်း မွန်ထာ မြန်မာနိုင်ငံကို ဦးတည်မနေသော်လည်း ယနေ့နံနက်မှစတင်ကာ နိုင်ငံတစ်ဝန်း နှစ်ရက်ကြာ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ယနေ့မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်း မုန်တိုင်း“မွန်ထာ”(MONTHA)အဖြစ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း“မွန်ထာ”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၄၈၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ ကာကီနာဒါမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု ၁၂ ဒသမ ၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၅ ဒသမ ၄ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ နှုန်းခန့် ဖြစ်သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ”သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၈ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ”၏ အရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာ ၂၈ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း“မွန်ထာ”၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားသည်။
