◾️ KNU ၏ လိမ်လည်ငြင်းဆိုမှုကို ပြည်သူတို့မယုံကြည်ဘဲ မေးခွန်းထုတ်
၂၆. ၁၀. ၂၀၂၅
Written by Nay Moe
ငွေကြေးရယူလိုမှုတစ်ခုဖြင့် KNU ခေါင်းဆောင်များကိုယ်တိုင် နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့စွာ အလွဲသုံးစားလုပ်ဆောင်ထားသည့် KK Park စီမံကိန်းတွင် မြေနေရာနှင့်ပတ်သက်ပြီး တရားဝင်ခွင့်ပြုလုပ်ဆောင်ထားခြင်း တစ်ခုမှမရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားမှု KNU က ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် အသေးစိတ်မဖြေရှင်းဘဲ ငြင်းဆိုလာသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက KK Park ၏ သမိုင်းကြောင်းနှင့် ဖြစ်ပေါ်လာသည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားရာတွင် KK Park ဆိုသည်မှာမြဝတီမြို့တောင်ဘက်၊ မယ်ထော်သလေး ကျေးရွာအနီး ထိုင်း-မြန်မာနယ်စပ် တောင်ရင်းမြစ်ကမ်းဘေး၌ရှိပြီး KNU တပ်မဟာ (၆) ၏ လှုပ်ရှားနယ်မြေတွင် တည်ရှိကြောင်း၊ BGF က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဆိုသည်မှာ မြဝတီမြို့၏ မြောက်ဘက်တွင်တည်ရှိကြောင်း၊ KK Park မြို့သစ်စီမံကိန်း၏ အနောက်ဘက်တွင် လေးကေ့ကော်မြို့သစ်ရှိပြီး အဆိုပါနေရာတွင် ငြိမ်းချမ်းရေးကြိုးပမ်းမှု အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် KNU ယခင်ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ပိုင်းတွင် KNU များ ဝင်ရောက်သိမ်းပိုက်ပြီး နယ်ခံများကို နှင်ထုတ်ကာ KNU၊ PDF အဖွဲ့များနှင့် ၎င်းတို့အဖွဲ့အား အထောက်အကူပြုအဖွဲ့များလည်း နေထိုင်နေခြင်းဖြစ်ကြောင်း၊ KK Park စီမံကိန်းကို လုပ်ဆောင်ရန်အတွက် KNU ၏ Mulaei Ahlin Company Limited (မုလအိအလင်းကုမ္ပဏီ) နှင့် ထိုင်းနိုင်ငံဘက်မှ ကုမ္ပဏီတစ်ခုတို့ ကနဦးလုပ်ကွက်အတွက် လုပ်ငန်းမြေငှားရမ်းခ သဘောတူညီမှုကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ သဘောတူစာချုပ်၏ မြေငှားပေးသူ အသိသက်သေများမှာ မုလအိအလင်းဘက်မှ လက်ရှိ KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်းက KNU ဘဏ္ဍာရေးကော်မတီဗဟိုအနေဖြင့် လက်မှတ်ရေးထိုးထားပြီး ယခင် KNU ကာကွယ်ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး စောရော်ဂျာခင်က KNU ဘဏ္ဍာရေးကော်မတီဗဟိုအနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“စာချုပ်မှာ ငှားရမ်းလိုတဲ့ စုစုပေါင်းမြေဧက ၁၀၀ ခန့်ကို နှစ်ပေါင်း ၃၀ ငှားရမ်းဖို့ သဘောတူထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီစာချုပ်တွေဟာ အခိုင်အမာရှိနေတဲ့ စာချုပ်တွေဖြစ်ပါတယ်။ စာချုပ်ပါအချက်အလက်တွေအရဆိုရင် တစ်ဧကကို တစ်နှစ် ဘတ် ၃၅,၀၀၀ နှုန်းအတွက် မြေ ၁၀၀ ဧကအတွက် တစ်နှစ်လျှင် ဘတ်သုံးသန်းခွဲဖြစ်ပြီး ခြောက်လတစ်ကြိမ် ပေးချေပါမယ်လို့ ကတိပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဧက ၃၀ အတွက် လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက် တစ်လ ဘတ်ငါးသိန်း သတ်မှတ်ထားပြီး စီမံကိန်းဧရိယာ ကျယ်ဝန်းလာတာနဲ့အမျှ လုံခြုံရေးစရိတ်တိုးမြှင့်ပေးမယ်လို့လည်း အဲဒီစာချုပ်မှာ ကတိပြုခဲ့တာတွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၂ ခုနှစ် မေလအတွင်း KNU နှင့် Trans Asia International Holding Group ကြားတွင် စာချုပ် ထပ်ချုပ်ရာတွင် မုလအိအလင်းကုမ္ပဏီ မဟုတ်တော့ဘဲ KNU မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူဦးစီးသည့် TROTH STAR COMPANY LIMITED နှင့် စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့ခြင်းကိုလည်း တွေ့ရှိရကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများတွင် ယခင်က ကုမ္ပဏီတစ်ခုနှင့် ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဘေးစီးပွားအသင်းတို့ ပူးပေါင်းပါဝင်ခြင်းကိုလည်း ဖော်ထုတ်သိရှိရကြောင်း၊ အဆိုပါ သီဟာနုဘေးဆိုသည့် ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုမြို့တော်ဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်က အွန်လိုင်းလောင်းကစားများ အရေးယူမည့်ဟု ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှာ ကြေညာလိုက်ပြီးနောက်ပိုင်းမှာ ယင်းအွန်လိုင်းလောင်းကစားလုပ်ငန်းများသည် မြန်မာနှင့် ဖိလစ်ပိုင်ဘက်သို့ ပြောင်းရွှေ့လာခြင်းကိုလည်း သိရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အဲဒီသတင်းအချက်အလက်တွေကိုကြည့်ရင်း KK Park စီမံကိန်းဆိုတာ KNU က ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားစွာတွေ့ရပါတယ်။ ငွေကြေးရယူလိုမှုတစ်ခုနဲ့ နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့စွာ အလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မနေ့က သတင်းမှာလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေနေရာနဲ့ပတ်သက်ပြီး ခွင့်ပြုထားတာတို့၊ လုပ်ဆောင်ထားတာတို့ တရားဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။ နောက်ပြီးတော့ အဲဒီမြေပေါ်မှာ လုပ်ဆောင်နေတဲ့ လောင်းကစားတွေကိုလည်း အခကြေးငွေယူပြီး ကြေးစားကာကွယ်မှုများ လုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းက ရရှိတဲ့ငွေကြေးတွေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အကာအကွယ်ပေးထားပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတကာအပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်အောင် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ဒါပိုက်ဆံသာရမယ်ဆိုရင် တစ်နိုင်ငံလုံးကို လက်ညိုးထိုးရောင်းစားဖို့ ဝန်မလေးတဲ့ ကြေးစားအကြမ်းဖက်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကို နိုင်ငံတကာနဲ့ တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့လိုကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ ပြောကြားချက်များကို KNU က ငြင်းဆိုရာတွင် အသေးစိတ် မရှင်းလင်းနိုင်ဘဲ ဧက (၁၀၀) မြေကွက် (Trans Asia International Holding Group (Thailand) Co. Ltd နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို KNU ၏ မုလအိအလင်း ကုမ္ပဏီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက ရပ်ဆိုင်း နှုတ်ထွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် KK Park အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် ဧက (၅၀၀) ရှိသောမြေကွက်တို့မှာ သီးခြားစီဖြစ်ပြီး မြေကွက် တစ်ခုနှင့်တစ်ခု (၃) ကီလိုမီတာအကွာတွင် တည်ရှိပါသည်ဟုသာ ဖြေရှင်းခဲ့သည်။
KNU အနေဖြင့် အဆိုပါ ကျားဖြန့်ငွေလိမ်ဂိုဏ်း KK Park ကို KNU ပိုင် မုလအိအလင်းကုမ္ပဏီဖြင့် စတင်ခဲ့သလို ကျားဖြန့်ရာဇဝတ်ဂိုဏ်း KK Park အနီးရှိ လေးကေ့ကော်မြို့သစ် အပါအဝင် တပ်စခန်းကုန်းများ ထိန်းချုပ်ထားနိုင်စဥ်ကလည်း KK Park ကို ရှင်းလင်းမှုမရှိဘဲ ဆက်လက်လည်ပတ် လိမ်လည်စေခဲ့ပြီး တပ်မတော်က လေးကေ့ကော်အပါအဝင် တပ်စခန်းကုန်းများ ယခုလအတွင်း ပြန်လည်သိမ်းယူပြီးမှသာ KK Park ကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ တပ်မတော်၏ ဆောင်ရွက်ချက်ကို နိုင်ငံတကာက လက်ခံနေချိန်မှသာ KNU က ကျားဖြန့်ဂိုဏ်း KK Park နှင့် မသက်ဆိုင်တော့ဟု လိမ်လည်လာခြင်းဖြစ်ပြီး ထို လိမ်လည်ထုတ်ပြန်ချက်ပို့စ်အောက်တွင် KNU ကို Wai Phyo အကောင့်ပိုင်ရှင်က “KNU အဖွဲ့က ခေါင်းဆောင် ငါးယောက်ပါတယ်ဆိုတာရော၊ ဧရာဝတီ သတင်းဌာနက ၂၀၂၃ မှာ တင်ထားသေးတယ်လေ။ အခုထိ အဲ သတင်းကို Google မှာ ဝင်ရှာဖတ်လို့ ရသေးတယ်။ အဲနေရာက လေးကေ့ကော်နဲ့ အနီးမှာ ရှိတာပါ။ လေးကေ့ကော်ကို့ ၂ နှစ်နီးပါး ထိန်းချုပ်တုန်းက အဲနေရာက ဘာကြောင့် မရှင်းတာလဲ ပြောပါဦး” ဟု မေးခွန်းထုတ်ထားသလို Babagyi အကောင့်ပိုင်ရှင်ကလည်း “အရင်ကတည်းက KNU က မဖော်ထုတ် မဖမ်းဆီးတာက ထင်ရှားတဲ့သက်သေဖြစ်နေပြီ။ ခုမှစာထုတ်လည်း နောက်ကျနေပြီ။ထိုင်းမှာ အဖမ်းခံရတဲ့ ကျားဖြန့်တွေကနိုင်ငံတကာကို KNU က သူတို့ပါတနာပါလို့ ထွက်ဆိုခဲ့ပြီးပြီမို့ စိတ်မကောင်းစရာပဲ” ဟု မှတ်ချက်ပြုထားသည့်အပြင် Saw Didier Roman အကောင့်ပိုင်ရှင်ကလည်း “အဲ့လို ထုတ်ပြန်သလို လက်မှတ်ထိုးခဲ့ကြတဲ့ ပဒိုကွယ်ထူးဝင်း (လက်ရှိ KNU ဥက္ကဋ္ဌ) နဲ့ ပဒိုရော်ဂျာခင်ကို ထုတ်ပယ်ပါ….”ဟု တောင်းဆိုထားသည့်အပြင် KNU ၏ လိမ်လည်ငြင်းဆိုမှုကို လူ ၅၀ ခန့်က မယုံကြည်ကြောင်း မှတ်ချက်ပြုထားသည်။
