၂၆.၁၀.၂၀၂၅
Written By Thandar
ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာကျင်းပမယ့် FLY Film Festival 2025 ရဲ့ အဖွင့်ပွဲမှာပြသခွင့်ရမယ့် ရိုမန့်ဇာတ်လမ်းပုံစံ “ညမွှေးပန်းလေးရဲ့ ကျောက်ပုစွန်” ရုပ်ရှင်ဇာတ်ကား မီဒီယာ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ Melià Hotel, Inya Ballroom မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်နဲ့အတူ ကျွန်တော့်လိုပဲ ရုပ်ရှင်ကို ရူးသွပ်တဲ့ လူငယ်တစ်စုဟာ ဒါရိုက်တာကိုပြည့်ဇော်ဖြိုးရဲ့ စိတ်ကူးတစ်ခုပုံပေါ်လာစေဖို့ အားလုံးတက်ညီလက်ညီနဲ့ ပူးပေါင်းပြီး ဖန်တီးပုံဖော်ခဲ့ကြတာ အချိန်တစ်နှစ်ခွဲကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဗန်ကောက်၊ ပတ္တရားတို့မှာ အကောင်းဆုံးပုံဖော်ထားတဲ့ ချစ်စရာ ရိုမန့်ဇာတ်လမ်းလေးပါ။ ဇာတ်ဝင်တေး သီချင်းတွေကို ၇ ပုဒ်လောက်သုံးထားပါတယ်”လို့ Producer ထုတ်လုပ်သူ သရုပ်ဆောင် စည်ဖြိုးက ပြောပါတယ်။

Ever Top Production က Executive Producer ဒေါ်သီသီဝင်း၊ Producer ထုတ်လုပ်သူ စည်ဖြိုးတို့ရဲ့ အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက Pre Reading ကို ရိုက်ကူးခဲ့ပြီး ၂၀၂၅ အောက်တိုဘာလအထိ အချိန်ယူကာ မြန်မာပြည်နဲ့ ထိုင်းနိုင်ငံ ဗန်ကောက်၊ ပတ္တရားတို့မှာ ရိုက်ကူးပုံဖော်ခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ဟင်နရီစံ၊ ဘုံဘုံ၊ မင်းဦး၊ စည်ဖြိုး၊ ပန်းရောင်ခြယ်၊ လင်းဇာနည်ဇော်၊ ချိုပြုံး၊ ခင်လွှမ်း စတဲ့အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“ညမွှေးပန်းလေးရဲ့ကျောက်ပုစွန်” I wanna be your Lobster… ရုပ်ရှင်ဟာ နိုဝင်ဘာလ ၃ ရက်မှာ ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာကျင်းပမယ့် FLY Film Festival 2025 ရဲ့အဖွင့်ရုပ်ရှင် (Opening Film)အနေနဲ့ ရုပ်ရှင်ပွဲတော်မှာ Special Screening အဖြစ် ပြသသွားမှာဖြစ်ပါတယ်။

ကိုရီးယား ဘူဆန်ရုပ်ရှင်ပွဲတော်က ဇာတ်ကားပေါင်း ၅၀၀ ယေဘုယျပါဝင်ရပြီး ဆန်ခါတင် ၃၀ ရွေးချယ်ခံရတဲ့အပြင် မြန်မာနိုင်ငံက “ညမွှေးပန်းကလေးရဲ့ ကျောက်ပုစွန်”ရုပ်ရှင်ကားကြီးဟာ ဘူဆန်ရုပ်ရှင်ပွဲတော်ကြီးရဲ့ အဖွင့် ဇာတ်ကားအဖြစ် ပြသဖို့ ရွေးချယ်ခံခဲ့ရပါတယ်။
မြန်မာပြည်တွင်းမှာလည်း လာမယ့် ၂၀၂၆ ခုနှစ် မတ်လဝန်းကျင်မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
