၂၅.၁၀.၂၀၂၅
Translated by Htwe Ko Tun
မော်ရိုကိုနိုင်ငံမှာ GenZ 212 အမည်ခံ လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ အောက်တိုဘာလအတွင်းက ဖြစ်ပျက်ခဲ့အပြီးမှာ လူပေါင်း ၁,၅၀၀ ကျော် တရားစွဲဆိုခံနေရတယ်လို့ အစိုးရမဟုတ်တဲ့ပြည်တွင်း အဖွဲ့အစည်းတစ်ရပ်က အောက်တိုဘာလ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ ထိုအဖွဲ့က ဆန္ဒပြပွဲတွေအတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေပါတယ်။
မော်ရိုကိုနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသမားတွေက ပိုမိုကောင်းမွန်တဲ့ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အစိုးရက ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ တရားစွဲခံထားရသူ လူပေါင်း ၁,၅၀၀ ကျော်မှာ ၁,၀၀၀ လောက်ကို ဖမ်းဆီးချုပ်နှောင်ထားတယ်လို့လည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပြောခဲ့ပါတယ်။


တရားစွဲခံရသူတွေထဲက ၂၄၀ လောက်ကို အဂါဒီယာမြို့တရားရုံးမှာ ပြစ်ဒဏ် ၆ နှစ်ကနေ ၁၅ နှစ်အထိချမှတ်ခဲ့တယ်လို့လည်း မော်ရိုကို လူ့အခွင့်အရေးအဖွဲ့(AMDH) ဥက္ကဋ္ဌ ဆိုအတ် ဘရာမာက ပြောခဲ့ပါတယ်။ ဒါ့ပြင် ရှေ့နေတွေရဲ့ ပြောကြားချက်တွေအရလည်း ရာနဲ့ချီတဲ့ တခြားအကျဉ်းသားတွေကို ဒီပြင် တရားရုံးတွေမှာ သုံးလကနေ တစ်နှစ်အထိ ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မစ္စတာ ဘရာမာက စွဲချက်တွေမှာတော့ “ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြပွဲတွေကို စီစဉ်ခြင်း” ကနေ “ဓားရှည်ကဲ့သို့ လက်နက်တွေအသုံးပြုခြင်း” တို့အထိ ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြပွဲတွေမှာ “ပိုင်ဆိုင်မှုကို ပျက်စီးစေခြင်း” ကနေ “ဥပဒေစိုးမိုးရေးအရာရှိတွေကို စော်ကားခြင်းနဲ့ အကြမ်းဖက်ခြင်း”အထိ စွဲချက်တွေနဲ့ စွဲဆိုရလောက်အောင် ကျူးလွန်ခဲ့မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဘရာမာက တရားစွဲဆိုခံရသူအားလုံးအတွက် တရားမျှတတဲ့ တရားစီရင်မှုတွေကို အာမခံပေးဖို့ တောင်းဆိုပြောကြားခဲ့ပါတယ်။
GenZ 212 အဖွဲ့ဟာ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့၊ အဂတိ လိုက်စားမှု အဆုံးသတ်ဖို့နဲ့ အစိုးရကို ရာထူးမှ ဖယ်ရှားဖို့ တောင်းဆိုမှုတွေကို နိုင်ငံတစ်ဝန်းမှာ စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်လို့ ငြိမ်းချမ်းစွာ စုဝေးပွဲများ စီစဉ်ပြုလုပ်ပြီး တောင်းဆိုခဲ့ကြတာပါ။
ဆန္ဒပြပွဲတွေရဲ့ ပထမပိုင်းရက်တွေမှာ ပိတ်ပင်တားဆီးခံရပြီးနောက် ရဲတွေက ဆန္ဒပြသမား ရာနှင့်ချီလို့ ဖမ်းဆီးခဲ့ပါတယ်။
ဆန္ဒပြပွဲတွေရဲ့ အစွန်အဖျားပိုင်းကျတဲ့နေရာတွေဖြစ်တဲ့ အဂါဒါမြို့အနီး ညနေခင်းနှစ်ခုမှာ လူသုံးဦး သေဆုံးခဲ့တဲ့ ဖျက်ဆီးမှုတွေနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေမှာ ဆန္ဒပြပွဲကို မှတ်တမ်းတင်ဖို့ လာရောက်တဲ့ ရုပ်ရှင်ကျောင်းသားတစ်ဦး ပါဝင်တယ်လို့ သူ့ရဲ့ဆွေမျိုးတွေက ပြောခဲ့ပါတယ်။
နှစ်ပတ်ကြာ နေ့စဉ်နီးပါး စုဝေးဆန္ဒပြပွဲတွေဟာ အရှိန်လျှော့လာခဲ့ပြီးတဲ့နောက် ဆန္ဒပြလူငယ်တွေ နည်းပါးလာခဲ့ပြီး အထူးသဖြင့် အောက်တိုဘာ ၁၀ ရက်မှာ ဘုရင်ရဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မြှင့်တင်ဖို့ တောင်းဆိုတဲ့ မိန့်ခွန်းနဲ့ ပြီးခဲ့တဲ့အပတ်က ၂၀၂၆ ခုနှစ်မှာ ကျန်းမာရေးနဲ့ ပညာရေးအတွက် ယူရို ၁၃ ဘီလျံ ဘတ်ဂျက်ဆောင်ရွက်မှု ပြုမယ်လို့ အစိုးရက ကြေညာပြီးနောက်မှာတော့ လူငယ်တွေကို ဆန္ဒပြဖို့ စည်းရုံးလှုံ့ဆော်မှုတွေ နည်းပါးလာခဲ့တာပါပဲ။
မော်ရိုကိုနိုင်ငံမှာ လူမှုရေးမညီမျှမှုကတော့ အဓိကစိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ နိုင်ငံဟာ ဒေသတွင်းမှာ ကွာဟမှု ကြီးမားတာနဲ့ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေအကြား ကွာဟချက် အဆက်မပြတ်ရှိနေတာတို့ ရှိနေတာတို့ကို တွေ့ရှိနေရဆဲပါ။
Ref- AFP
