၂၃.၁၀.၂၀၂၅
Written by Hey Mar
အဆောင်နေ လူငယ်တစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချ (ကြိုးဆွဲချ) အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်အတွင်းက အမျိုးသားအဆောင်တစ်ခုမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မေတ္တာညွန့် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
သေဆုံးသူက အသက် ၂၂ အရွယ် လူငယ်တစ်ဦးဖြစ်ပြီး လက်ရှိမှာ ကုမ္ပဏီဝန်ထမ်းအဖြစ် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ကနေ လာရောက်အလုပ် လုပ်ကိုင်ကာ သူငယ်ချင်းတွေနဲ့အတူ အဆောင်ငှားရမ်းနေထိုင်တယ်လို့လည်း သိရပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မေတ္တာညွန့်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့ကို သက်ဆိုင်ရာက လူငယ်ရဲ့ ရုပ်အလောင်းလာရောက်ဖြုတ်ယူသယ်ဆောင်ဖို့ စီစဉ်ညွှန်ကြားလို့ မနက် ၃ နာရီလောက်က ရောက်သွားတာပါ။ အခုလို ကြံစည်သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ ဘာမှတ်ချက်မှ သေချာရေရာ သိရတာမရှိပါဘူး။ ရဲက လိုအပ်တဲ့ စစ်ဆေးမှုတွေတော့ လုပ်နေပါတယ်။ သူ့ကိုအရင်တွေ့တာ အဆောင်နေသူတစ်ဦးက တွေ့တာ။ အိမ်သာသွားဖို့ထွက်လာရင်း အခန်းအပြင်လျှောက်လမ်းမှာ အခုလို ဖြစ်နေတာကို မြင်တာလို့ တော့ ကြားသိရပါတယ်” လို့ MT News ကို ပြောပါတယ်။
အခုလို ကြိုးဆွဲချ အဆုံးစီရင်မှုအပါအဝင် အခြားသော စီရင်မှုတွေနဲ့ ပတ်သက်လို့ MT News က စားဝတ်နေရေးကြောင့်လား၊ အဆင်မပြေတဲ့ အခက်အခဲတွေကြောင့် ဘဝကို လက်လျှော့ရတဲ့ ဖြစ်စဉ်တွေလားလို့ YRO မှ တာဝန်ရှိသူတစ်ဦးထံ သူတို့ရဲ့ ရုပ်အလောင်းကောက်ယူရာမှာ ကြုံတွေ့ရတဲ့ အခြေအနေကို မေးမြန်းကြည့်ရာ တာဝန်ရှိသူက “ကျွန်တော် ဂျပန်နိုင်ငံမှာ နေစဉ်က ဂျပန်က လူငယ်တွေဟာ အလုပ်ဖိအား အရမ်းများတယ်။ သူတို့ရဲ့ အခွန်အခတွေ၊ အသက်ကြီးတဲ့အခါ တည်ငြိမ်စွာနေထိုင်နိုင်ဖို့ အစိုးရက ငယ်စဉ်မှာ စနစ်ထဲထည့်ပြီး ရုန်းကန်စေတာပေါ့။ အဲ့ဒီတော့ တချို့က အလုပ်ရဲ့ ဖိအားတွေ၊ တားဂတ်တွေကို မခံနိုင်လို့ အသက်ကို လက်လျှော့ကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်မှာ အဲ့လိုမရှိဘူး။ ဒီကလူငယ်တွေမှာ တိုင်းပြည်အခြေအနေမကောင်းလို့ လက်လှမ်းမမှီတဲ့ အရာတွေ ရှိကောင်းရှိမယ်။ ဖိအားတော့ရှိမနေဘူး။ ကျွန်တော်တို့အတွေ့အကြုံ ၇၀ ရာခိုင်နှုန်းက မူးယစ်ဆေးကြောင့်ပါ။ မြောက်ဒဂုံမှာ စက်တင်ဘာလက လူငယ်တစ်ဦး သစ်ပင်ထိပ်ဖျားတက်ပြီး ကြိုးဆွဲချတာမျိုးကြားလိုက်ရလိမ့်မယ်။ အဲ့လိုမျိုးဖြစ်ရပ်တွေ ကြုံရပါတယ်” လို့ ပြန်လည် မှတ်ချက်ပြုပါတယ်။

အဆိုပါ မေတ္တာညွန့်ရပ်ကွက်မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို မေတ္တာညွန့်လူမှုကူညီရေးအသင်းက သင်္ဃန်းကျွန်း စံပြဆေးရုံ ရင်ခွဲရုံဆီ ရဲလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။
