၁၁. ၂. ၂၀၂၃
Written by Ye Kyaw
စီးပွားရေးသံမှူးများသည် စေလွှတ်သည့်နိုင်ငံများတွင် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားပေးကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏စီးပွားရေးသည် ဒေသတွင်းနိုင်ငံများတွင် ရှိသင့်ရှိထိုက်သည့်နေရာတွင် ရှိလာစေရေး ရည်မှန်းပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပနိုင်ငံများသို့ စီးပွားရေးသံမှူးများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ကြီးဌာနငါးခုမှ အရာထမ်းများနှင့် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ဆုံစဉ် မှာကြားသည်။
ယခုစေလွှတ်လိုက်သည့် စီးပွားရေးသံမှူးများသည် ဝန်ကြီးဌာနငါးခုမှ အလယ်အလတ်ဝန်ထမ်းများ ဖြစ်သည့်အတွက် အတွေ့အကြုံနှင့် အတွေးအခေါ်များ အပြည့်အဝရှိကြသူများဖြစ်ကြပြီး ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုများတွင် ယင်းနိုင်ငံ၏ လက်ရှိအခြေအနေ တစ်ခုတည်းကိုမကြည့်ဘဲ နောက်ခံသမိုင်းကြောင်းများကိုလည်း လေ့လာရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
စီးပွားရေးသံမှူးများအနေဖြင့် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးကို လေ့လာကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိမိတို့ရောက်ရှိသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားလာစေရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်၊ ရေအရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် အခြားသဘာဝ အရင်းအမြစ်အခွင့်အလမ်းများစွာရှိသည်ကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာစေရေး စီးပွားရေးသံမှူးများက ဆွဲဆောင်စည်းရုံးကြရမည် ဖြစ်သကဲ့သို့ ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု မဆုံးရှုံးရေးနှင့် အမြတ်ရရှိရေးအတွက် ဦးစားပေးသည်ကို သိရှိနားလည်ပြီး ၎င်းတို့၏အကျိုးစီးပွားကို မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် ယှဉ်တွဲ၍ လုပ်ကိုင်လိုစိတ်ဖြစ်ပေါ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
