◾️ အလုပ်သမား ၁၀ ဦးအောက်ရှိလုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိ

၁၅. ၁၀. ၂၀၂၅
Written by Nyein Kyaw
နေ့စားအလုပ်သမားများအား အလုပ်ချိန် ၈ နာရီ တစ်ရက်အတွက် လုပ်ခလစာ ကျပ် ၇,၈၀၀ (ကျပ်ခုနစ်ထောင့်ရှစ်ရာတိတိ) ခွင့်ပြုရန် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၂၅) ဖြင့် အသိပေးကြေညာထားသည်။
အနည်းဆုံးအခကြေးငွေနှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဃ)နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀ (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ကျပ် ၄,၈၀၀ (လေးထောင့်ရှစ်ရာကျပ်) “ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၁၄-၅-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈)ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သည်။

ထိုသို့ အနည်းဆုံးအခကြေးငွေနှုန်း အလုပ်ချိန် ၈ နာရီ တစ်ရက်အတွက် ကျပ် ၄,၈၀၀ သတ်မှတ်ခဲ့ခြင်းအပေါ် ၉-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ (တစ်ထောင်ကျပ်တိတိ) ကို လည်းကောင်း၊ ၉-၈-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၄)ဖြင့် လက်ရှိထောက်ပံ့လျက် ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀ ကို အပိုထောက်ပံ့ကြေး အဖြစ် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ “ လုပ်ခကိုအလုပ်ချိန်တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ထပ်မံ၍ ကျပ် ၁,၀၀၀ ကို ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လမှ စတင်၍ ဒုတိယအကြိမ်အဖြစ်လည်းကောင်း လစဉ်ခံစားခွင့်ပြုခဲ့သည်။
ယခုအခါ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၂,၀၀၀ အပြင်ထပ်မံ၍ ကျပ် ၁,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၇,၈၀၀ (ကျပ်ခုနစ်ထောင့်ရှစ်ရာတိတိ)ကို ခွင့်ပြုရန်ဖြစ်ပါသည် ” ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၃၀-၉-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၀/၂၀၂၅) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပါသည်။
၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေးကျပ် ၂,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် အလုပ်လုပ်သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် ဖြစ်သည်။
ဤသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိလုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေဘဲ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၉-၈-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
