◾️ တွေ့ဆုံပွဲအပြီးတွင် ရွေးကောက်ပွဲ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို လက်တွေ့ရှင်းလင်းပြသခဲ့
၁၄. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijiun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ NCA လက်မှတ်ရေးထိုးရာတွင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ ပါဝင်ခဲ့မှုအခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် အလေးထားလျက်ရှိမှုအခြေအနေများ၊ မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် အေးအတူပူအမျှ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိသည့်အခြေအနေများ ဆွေးနွေးခဲ့သည်။







ထို့အတူ မြန်မာနိုင်ငံတွင် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အားပေးထောက်ခံလျက်ရှိမှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ယာယီသမ္မတက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်အား ရွေးကောက်ပွဲ ကျင်းပပြုလုပ်စဉ် အသုံးပြုမည့် မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM) စက်များအား ပြသရာ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက မဲပေးစက်၏ လုပ်ငန်းလုပ်ဆောင်မှု အဆင့်ဆင့်အား ရှင်းလင်းပြသခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
