
၁၄. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီပြည်နယ်ရှိ အာဏာပိုင်များသည် ဘေးကင်းရေးစံနှုန်းများ မပြည့်မီသော လျှပ်စစ်ပစ္စည်း အလုံးရေ ၁၁၀,၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၁ သန်းနီးပါးကို ယနေ့ သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများတွင် ဆံပင်အခြောက်ခံစက်များ (Hair dryers)၊ ဆံပင်ဖြောင့်စက်များ (Straighteners)၊ ဆံပင်လိပ်စက်များ (Curling irons)၊ လျှပ်စစ်မီးဖိုများ (Electric stoves)၊ ထမင်းပေါင်းအိုးများ (Rice cookers)၊ ပန်ကာများ (Fans)၊ အနှိပ်စက်များ (Massagers) နှင့် လေစစ်စက်များ (Air purifiers) တို့ ပါဝင်သည်။

ဤစီးနင်းရှာဖွေမှုသည် ဘူရီရမ်ခရိုင်၊ ကရာဆန်မြို့နယ်တွင် အသက်ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦး အောက်တိုဘာ ၁၀ ရက်နေ့က အွန်လိုင်းမှ ၀ယ်ယူသည့် Hair Dryer ဖြင့် ဆံပင်အခြောက်ခံရာမှ ဓာတ်လိုက်၍ သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် ဖြစ်သည်။ ထိုမိန်းကလေးကို ဓာတ်လိုက်မှုဖြစ်စေခဲ့သော Hair Dryer သည် မိခင်ဖြစ်သူမှ လွန်ခဲ့သည့် နှစ်နစ်၊ သုံးနှစ်ခန့်က အွန်လိုင်းမှ ဝယ်ယူထားသည့် စံမမီသော ပစ္စည်းဖြစ်သည်ဟု ယူဆရသည်။
အဆိုပါစံမမီပစ္စည်းများကို TISI Watch စနစ်မှတစ်ဆင့် ခြေရာခံရာ “SUPER SELLER 99” အမည်ရှိ TikTok ရောင်းချသူထံမှ ရောင်းချနေပြီး M-Home Group ပိုင် ဂိုဒေါင်တစ်ခုမှ ပို့ဆောင်ကြောင်း၊ ထို့အပြင် အနီးနားရှိ Silver 789 Group ပိုင် ဂိုဒေါင်ငါးခုလည်း ပါဝင်ပတ်သက်ကြောင်း တွေ့ရှိရသည်။

စစ်ဆေးဖမ်းဆီးမှုကို စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ရော့ဆင်း လီယမ်လက်က ဦးဆောင်ကာ ပထုန်ဌာနီ၊ ခလောင်းလုံခရိုင်ရှိ အွန်လိုင်းလက်လီရောင်းချသည့် ဂိုဒေါင်ကြီးတစ်ခုကို ဦးဆောင် စစ်ဆေးခဲ့သည်။ စံမမီသော ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချခြင်းတို့သည် လူအသက်အန္တရာယ်ကို ထိခိုက်စေနိုင်ကြောင်း အရာရှိများက သတိပေးခဲ့ပြီး၊ ပြည်သူလူထုအနေဖြင့် TISI (Thai Industrial Standards Institute) အမှတ်အသား၊ QR ကုတ် သို့မဟုတ် ယုံကြည်စိတ်ချရသော ထုတ်လုပ်သူနှင့် တင်သွင်းသူအချက်အလက် မပါရှိသည့် လျှပ်စစ်ပစ္စည်းများကို ရှောင်ရှားဝယ်ယူရန်လည်း တိုက်တွန်းခဲ့သည်။
လက်ရှိတွင် စံမမီ လျှပ်စစ်ပစ္စည်းရောင်းချသူများကို ဥပဒေအရ အရေးယူမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး၊ ပြစ်မှုကျူးလွန်သူများသည် ထောင်ဒဏ် နှစ်နစ်အထိ သို့မဟုတ် ဘတ်ငွေ ၂ သန်းအထိ ဒဏ်ငွေ ချမှတ်ခံရနိုင်သည်။ စံမမီသော ထုတ်ကုန်များ ရောင်းချသည့်ကိစ္စအတွက်မူ ထောင်ဒဏ် ခြောက်လအထိ သို့မဟုတ် ဘတ်ငွေ ၅၀၀,၀၀၀ အထိ ဒဏ်ငွေ ချမှတ်နိုင်သည်။
လက်ရှိတွင် ဆံပင်၊ ခန္ဓာကိုယ်နှင့် အရေပြားထိန်းသိမ်းရေးသုံး လျှပ်စစ်ပစ္စည်းများအတွက် TISI လက်မှတ်ရရှိထားသော လိုင်စင်ရသူ ၂၄၂ ဦးရှိပြီး၊ ၎င်းတို့အနက် ထုတ်လုပ်သူ ၁၀ ဦးနှင့် တင်သွင်းသူ ၂၃၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။
Ref, Thai Enquirer
