သတိုး
၉. ၁၀. ၂၀၂၅
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျယ်မြို့သမိုင်းမှာ အဆိုးဆုံး တောမီးလောင်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီနှစ် ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ Pacific Palisades တောမီးလောင်မှု ကို စတင်ရှို့ခဲ့တယ်လို့ သံသယရှိတဲ့ အသက် ၂၉ နှစ်အရွယ် အူဘာယာဉ်မောင်းဖြစ်ခဲ့ဖူးတဲ့ Jonathan Rinderknecht ဆိုသူ လူတစ်ဦးကို ဖမ်းဆီးပြီး စွဲချက်တင်လိုက်ပြီလို့ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မူလမီးလောင်မှုဖြစ်စဉ်မှာ ဒီဖြစ်စဉ်ကို တောမီးလောင်မှုလို့ပဲ တစ်ကမ္ဘာလုံးက သိရှိနားလည်ထားခဲ့တာဖြစ်ပြီး Pacific Palisades တောမီးလောင်မှုက လူများစွာ သေဆုံးမှုအပြင် ဟောလိဝုဒ်က နာမည်ကြီး သရုပ်ဆောင်တွေနဲ့ အနုပညာရှင်များစွာရဲ့ နေအိမ်များစွာ မီးလောင်ဆုံးရှုံးခဲ့ရတဲ့အထဲ Billy Crystal၊ Paris Hilton၊ Miles Teller၊ Anna Faris၊ Adam Brody နဲ့ Leighton Meester တို့ရဲ့ နေအိမ်တွေနဲ့ စုစုပေါင်း အဆောက်အအုံ ၆၈၀၀ ကျော် လောင်ကျွမ်းဆုံးရှုံး သွားခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ စွပ်စွဲချက်အရ Jonathan Rinderknecht ဟာ လူ ၁၂ ဦးအထိ သေဆုံးခဲ့ရတဲ့ ဒီမီးကို “ရည်ရွယ်ချက်ရှိရှိ” ရှို့ခဲ့တာပါ။ ဒီမီးဟာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာမှ လုံးဝ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။
Rinderknecht ကို ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ သူ့နေအိမ်နားမှာ “မီးဖြင့် ပစ္စည်းဥစ္စာ ဖျက်ဆီးမှု” စွဲချက်နဲ့ အင်္ဂါနေ့က ဖမ်းဆီးခဲ့တယ်လို့ ယာယီ အမေရိကန် ရှေ့နေချုပ် Bill Essayli က ပြောကြားခဲ့ပါတယ်။

◾️ မီးစလောင်ကျွမ်းပုံ
အာဏာပိုင်တွေက လော့စ် အိန်ဂျယ်မြို့က Palisades မီးဟာ Holdover Fire (မီးကြွင်းမီးကျန်မှ ပြန်လည် လောင်ကျွမ်းသောမီး) Rinderknecht က နှစ်သစ်ကူးနေ့မှာ စတင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Lachman Fire (အသေးစား စတင်မီးလောင်မှု) ရဲ့ အဆက်ဖြစ်တယ်လို့ ဆိုပါတယ်။
မှုခင်းတိုင်ကြားစာထဲမှာ ဖော်ပြထားတာကတော့ မီးသတ်သမားတွေဟာ Lachman မီးကို ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့၊ အဲ့ဒီမီးက မြေအောက်မှာ ဆက်လက်ကျန်ရှိပြီး မီးခဲဖြစ်နေတယ် ဆိုတာကို မသိခဲ့ကြဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့မှာ လေပြင်းတွေ တိုက်ခတ်လာတဲ့အခါ၊ မြေအောက်က မီးတွေဟာ အပေါ်ကို ပေါ်ထွက်လာပြီး ပျံ့နှံ့သွားရာကနေ Palisades တောမီးကြီး ဖြစ်သွားတာပါ။
◾️ မီးမရှို့မီ အခြေအနေ
Pacific Palisades ရပ်ကွက်မှာ အရင်က နေထိုင်ခဲ့ဖူးတဲ့ Rinderknecht ဟာ Uber ယာဉ်မောင်းအဖြစ် အလုပ်ပြီးဆုံးပြီးနောက် မီးကို စတင်ရှို့ခဲ့တာလို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။
သူလိုက်ပို့ပေးခဲ့တဲ့ ခရီးသည် နှစ်ဦးက Rinderknecht ဟာ “စိတ်လှုပ်ရှားပြီး ဒေါသထွက်နေပုံ” ပေါက်တယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောခဲ့ကြပါတယ်။
Uber ဘက်ကတော့ သူ့ရဲ့ ပတ်သက်မှုကို သိရှိပြီးနောက် ချက်ချင်းဆိုသလို ပလက်ဖောင်းကနေ ဖယ်ရှားခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှာ အာဏာပိုင်တွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

◾️ မီးရှို့မှု ပြုလုပ်ပုံ
အာဏာပိုင်တွေရဲ့ စွပ်စွဲချက်အရ Rinderknecht ဟာ Pacific Palisades မှာ ခရီးသည်တစ်ဦးကို ပို့ပေးပြီးနောက် Skull Rock Trailhead ဘက်ကို မောင်းသွားခဲ့ပါတယ်။ အဲဒီနောက် သူငယ်ချင်းဟောင်းတစ်ဦးနဲ့ ဆက်သွယ်ဖို့ ကြိုးစားပြီး လမ်းလျှောက်တက်သွားခဲ့ပါတယ်။
သူဟာ သူ့ဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ခဲ့ပြီး “သီချင်းဗီဒီယိုထဲမှာ အရာဝတ္ထုတွေကို မီးရှို့ပြထားတဲ့” ပြင်သစ်အနုပညာရှင်ရဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ခဲ့တယ်လို့ တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
တိုင်ကြားစာအရ ည ၁၁ နာရီ ၄၇ မိနစ်လောက်မှာ တောင်ထိပ်ပေါ်ကနေ ဗီဒီယိုနှစ်ခု ရိုက်ခဲ့ပြီး အဲ့ဒီတုန်းကတော့ မီးလောင်နေတာ မရှိသေးပါဘူး။ ဒါပေမဲ့ ဇန်နဝါရီ ၁ ရက်နေ့ မနက် ၁၂ နာရီ ၁၂ မိနစ်လောက်မှာတော့ အာရုံခံကိရိယာတွေကနေ မီးလောင်နေကြောင်း ပြသခဲ့ပါတယ်။
Rinderknecht ဟာ 911 ကို အကြိမ်များစွာ ဖုန်းခေါ်ဆိုဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်းမမိလို့ မဆက်သွယ်နိုင်ခဲ့ဘူးလို့လည်း တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။ နောက်ဆုံးမှာတော့ 911 ကို ဆက်သွယ်နိုင်ပြီး မီးလောင်မှုကို သတင်းပို့ခဲ့ပါတယ်။ အနီးနားက ဒေသခံတစ်ဦးကလည်း သတင်းပို့ခဲ့ပါတယ်။
Rinderknecht ဟာ သူ့ကားနဲ့ ထွက်ပြေးခဲ့ပေမဲ့၊ မီးငြှိမ်းသတ်ဖို့ ရောက်လာတဲ့ မီးသတ်ကားတွေကို နောက်ကနေ လိုက်ခဲ့ပြီး၊ မနက် ၁ နာရီကျော်မှာ မီးသတ်သမားတွေ မီးငြှိမ်းနေတဲ့ မြင်ကွင်းကို ဗီဒီယို ရိုက်ယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

◾️ တာဝန်ရှိသူတွေရဲ့ မှတ်ချက်
ရှေ့နေချုပ် Essayli က “လူတစ်ဦးတည်းရဲ့ ပေါ့ဆမှုက လော့စ် အိန်ဂျယ်မှာ မြင်ဖူးသမျှ အဆိုးဆုံး မီးလောင်မှုတွေထဲက တစ်ခုကို ဖြစ်စေခဲ့ပြီး Pacific Palisades မှာ သေဆုံးမှုနဲ့ ပျက်စီးမှုတွေ ကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဓားစာခံတွေ နစ်နာ ဆုံးရှုံးခဲ့တာတွေကို ပြန်ယူလို့ မရနိုင်ပေမဲ့၊ ဒီရာဇဝတ်မှု စွဲချက်တင်မှုက ကြေကွဲဖွယ်ရာ အဖြစ်ဆိုးရဲ့ သားကောင်တွေအတွက် တရားမျှတမှု အချို့ကို ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မီးလောင်မှုရဲ့ အကြောင်းရင်းဟာ မီးရှူးမီးပန်း၊ လျှပ်စီး ဒါမှမဟုတ် ဓာတ်ကြိုးတွေကြောင့် မဟုတ်ဘူးဆိုတာကိုလည်း စုံစမ်းစစ်ဆေးသူတွေက အတည်ပြုခဲ့ပါတယ်။
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး Gavin Newsom က ဒီအမှုကြောင့် “ဒီကိစ္စ ဘယ်လိုဖြစ်ခဲ့တာလဲ၊ ဘယ်သူက တာဝန်ရှိလဲ၊ ထပ်ဖြစ်နိုင်သေးလား၊ ဘယ်သင်ခန်းစာတွေ ရလဲ ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေအတွက် အဆုံးသတ်တစ်ခု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Rinderknecht ရဲ့ မီးရှို့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်ဆင်မှု၊ တုံ့ပြန်မှုတွေကို စစ်ဆေးတဲ့ အစီရင်ခံစာကိုလည်း Fire Response Research Institute ကနေ အောက်တိုဘာလ ၂၀ ရက်နေ့မှာ စတင်ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။
