၄. ၁၀. ၂၀၂၅
Written by Nyein Kyaw
မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ ညပိုင်းတွင် မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပညာရှင်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။




ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ ပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူ ဟောင်းများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ဂုဏ်ပြုညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မန္တလေး တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ မန္တလေးပညာရေးဒီဂရီကောလိပ်၊ မိတ္ထီလာပညာရေးကောလိပ်တို့မှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများက တေးသံသာများ၊ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။




ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသူများအား ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြို့မတေးဂီတအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြပြီး သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသူများအား ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
