◾️ မြန်မာနိုင်ငံတက္ကသိုလ်များ၏ သင်ကြားသင်ယူမှုတွင် နည်းပညာ (Technology) နှင့်အတူ AI ပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြား
၄. ၁၀. ၂၀၂၅
Written by Nyein Kyaw
“နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပညာရေးကဏ္ဍတွင် ဘက်ပေါင်းစုံက ရင်းနှီးမြှုပ်နှံ အားပေးပံ့ပိုးပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် မန္တလေးတက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များ၊ ခေတ်မီဘာသာရပ်များကို ထည့်သွင်းသင်ကြားရုံဖြင့် မလုံလောက်ဘဲ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် “သုတေသန” များကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသနကျမ်းများ ပြုစုရာတွင်ဖြစ်စေ၊ သင်ကြားသင်ယူရာတွင်ဖြစ်စေ စာကြည့်တိုက် အခြေပြုလေ့လာမှု အားကောင်းစေရေး ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။





နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေး၏ အရေးပါမှုကို အလေးထားပြီး နိုင်ငံတော်၏ ဦးတည်ချက် (၄)ရပ်တွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းထားသကဲ့သို့ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဘက်ပေါင်းစုံက ရင်းနှီးမြှုပ်နှံ အားပေးပံ့ပိုးပေးလျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယနေ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတကာတွင် ဉာဏ်ရည်တု Al နည်းပညာကို နယ်ပယ်စုံတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တက္ကသိုလ်များကလည်း သင်ကြားသင်ယူမှုတွင် နည်းပညာ (Technology) နှင့်အတူ AI ပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ပညာရှင်များက ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် လူသားအရင်းအမြစ်များ၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ် ပညာရှင်၊ ကျွမ်းကျင်သူများ၊ ပါရဂူများကို မွေးထုတ်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ်ကြရန်အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်အတွက် လိုအပ်သည့် ပညာတတ်လူ့စွမ်းအား အရင်းအမြစ်များကို နှစ်(၁၀၀)တိုင် စဉ်ဆက်မပြတ် မွေးထုတ်ပေးခဲ့သည့် မန္တလေးတက္ကသိုလ်၏ တာဝန်ကျေပွန်မှုနှင့် အစဉ်အလာကောင်းများကို လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ယာယီသမ္မတက ပြောကြားသည်။
