၄.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံမှာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) က ပါတီအကြီးအကဲအဖြစ် အသက် ၆၄ နှစ်ရှိ ဆာနေး တာကေချီ(Sanae Takaichi) ကို တင်မြောက်လိုက်တာမှာ သူ့အနေနဲ့ ဂျပန်နိုင်ငံရဲ့ ပထမ ဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ဆာနေး တာကေချီ ရဲ့ အဓိကအားကျရတဲ့ သူရဲကောင်းက ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ လို့လည်း ဆိုပါတယ်။ သူ့အနေနဲ့ ထောက်ခံမှုကျဆင်းကာ အင်အားယုတ်လျော့နေရတဲ့ LDP ပါတီကိုလည်း နိုင်ငံရေးလောကမှာပြန်လည်ရှင်သန်လာစေဖို့လည်း တစ်ဖက်က ကြိုးစားရမှာပါ။
LDP ပါတီအတွက် အရှက်ရစရာ ရှုံးနိမ့်မှု နှစ်ရပ်နဲ့ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်တော့မယ်လို့ စက်တင်ဘာလမှာ ဝန်ကြီးချုပ် ရှီဂူရူ အီရှီဘာက ကြေညာခဲ့အပြီး ခုလို ရွေးကောက်ပွဲကို ကျင်းပခဲ့တာ ပါ။ ဂျပန်နိုင်ငံ ဒိုင်းယက်လွှတ်တော်ရဲ့ အထူးအစည်းအဝေးကိုလည်း အောက်တိုဘာလ ၁၅ ရက်မှာ ကျင်းပဖို့ မျှော်လင့်ပါတယ်။
လက်ရှိအာဏာရညွန့်ပေါင်းအစိုးရအနေနဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ အမတ်အများစုမပါဝင်ပေမယ့် အတိုက်အခံများက ကိုယ်စားလှယ်လောင်းတစ်ဦးကို ထောက်ခံကြမှာဖြစ်လို့ တာကေချီအနေနဲ့ သေချာပေါက်နီးပါး ၀န်ကြီးချုပ်ဖြစ်လာမှာပါ။
ဝန်ကြီးချုပ်အသစ်အတွက် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းငါးဦးရှိပေမယ့် ပထမအကြိမ် မဲပေးပွဲမှာ LDP လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေက အပြတ်အသတ်မဲအများစုမရခဲ့ကြပါ ဘူး။
ဆာနေး တာကေချီ က ၀န်ကြီးချုပ်ဟောင်းရဲ့သား အတွေ့အကြုံမရှိတဲ့ ရှင်ဂျိရို ကိုအိဇူမိကို အနိုင်ရပြီးနောက် အောက်တိုဘာလ ၄ ရက်မှာ LDP ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံခဲ့ရတာပါ။
တာကေချီ က ၁၈၃ မဲနဲ့ မဲအများဆုံးရပြီး သူ့နောက်မှာ လယ်သမားရေးရာဝန်ကြီး ကိုအိဇူမိက ၁၆၄ မဲနဲ့ တစ်ကျော့ပြန် ယှဉ်ပြိုင်ခဲ့ရပါတယ်။ဒုတိယအကျော့မှာ တာကေချီ က ၁၅၆ မဲပဲရတဲ့ ကိုအိဇူမိ ထက်သာကာ ၁၈၅ မဲရရှိပြီး အနိုင်ရခဲ့တာပါ။
မဲဆွယ်စည်းရုံးတုန်းက တာကေချီက စီမံခန့်ခွဲမှုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ တိုးတက်မှုမြှင့်တင်ဖို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြင်းထန်သောဘဏ္ဍာရေးမူဝါဒကို တောင်းဆိုခဲ့တာပါ။
စားသုံးသူဈေးနှုန်းတွေ မြင့်တက်လာတာကို ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်ချက်တွေအနေနဲ့ ဓာတ်ဆီအခွန်ကို ဖြတ်တောက်ဖို့နဲ့ ဒေသဆိုင်ရာ အစိုးရတွေကို အခွန်ထောက်ပံ့မှုတွေ တိုးချဲ့ပေးဖို့လည်း တောင်းဆိုခဲ့တာပါ။ တာကေချီက သူမဟာ အတိုက်အခံပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုရရှိဖို့ လုပ်ဆောင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
တာကေချီက LDP ပါတီ ဥက္ကဋ္ဌ နေရာအတွက် အခုအကြိမ်က တတိယမြောက်ယှဉ်ပြိုင်တာလို့ သိရပါတယ်။
Ref- Asahi Shimbun
