၃.၁၀.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန် ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားပြည်နယ်မှာ စက်တင်ဘာလ ၂၉ ရက်မှ စတင်ခဲ့တဲ့ ပြင်းထန်တဲ့ ဆန္ဒပြမှုတွေနဲ့အတူ ဖြစ်လာရတဲ့ ဆူပူမငြိမ်သက်မှုတွေအတွင်းမှာ လေးရက်ကြာခဲ့ပြီးတဲ့နောက် အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက အောက်တိုဘာလ ၂ ရက်မှာ အတည်ပြုပြောခဲ့ကြပါတယ်။
ပါကစ္စတန် နဲ့ အိန္ဒိယရယ်လို့ ၁၉၄၇ ခုနှစ်မှာ နိုင်ငံနှစ်နိုင်ငံခွဲခြားတည်ထောင်လာပြီးနောက် ကက်ရှ်မီးယား ပြည်နယ်ကို ထိန်းချုပ်မှုမှာ အငြင်းပွားခဲ့ကြပြီး နှစ်နိုင်ငံခွဲခြားပြီး သိမ်းပိုက်ထားခဲ့ကြတာပါ။
ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရှ်မီးယားပြည်နယ်မှာ စက်တင်ဘာလ ၂၉ ရက်က လူထောင်ပေါင်းများစွာ က ပြည်နယ်မြို့တော် မူဇတ်ဖာရာဘတ်မြို့ရဲ့ လမ်းမတွေပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ လျှပ်စစ်မီး အခမဲ့ပေးမှုနဲ့ တန်ဖိုးကြီးတဲ့ကားတွေလို နိုင်ငံရေး လူတန်းစားတွေအတွက် ပေးနေတဲ့ အခွင့်အရေးတွေကို အဆုံးသတ်ဖို့ ဆန္ဒပြသမားတွေက တောင်းဆိုခဲ့ကြပါတယ်။

အာဏာပိုင်တွေက အင်တာနက်နဲ့ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုတွေကို ပိတ်ဆို့ထားပါတယ်။ တာဝန်ရှိသူ တွေက ပြည်တွင်းမီဒီယာတွေကို ဖြစ်ရပ်မှန်တွေကို ဖုံးဖိမှုမလုပ်ကြဖို့ သတိပေးခဲ့ကြပါတယ်။
မြေပြင်ပေါ်ရှိ AFP သတင်းဌာနမှ သတင်းထောက်တွေရဲ့ ပြောကြားချက်တွေအရ လမ်းမတွေပေါ်မှာ သွေးတွေစွန်းထင်းနေပြီး ကျည်ဆန်အိတ်တွေ၊ ဖန်တုံးတွေနဲ့ ကျောက်တုံးတွေ ပြန့်ကျဲနေတယ်လို့ ဆိုပါတယ်။
ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားငါးဦး သေဆုံးခဲ့တယ်လို့ Reuters သတင်းဌာနကို လုံခြုံရေးအရာရှိနှစ်ဦးက ပြောကြားခဲ့ကြပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာ ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ အချိန်ကစလို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုခဲ့ကြပါတယ်။
ဆူပူမငြိမ်မသက်မှုတွေဖြစ်ပွားလာတာနဲ့အတူ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေနဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေ သပိတ်မှောက်ခဲ့တယ်လို့ Pakistani TV ရုပ်မြင်သံကြားဌာနက ဖော်ပြခဲ့ပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က ပဋိပက္ခအခြေအနေကို ဖြေရှင်းဖို့ အကြီးတန်းအရာရှိတွေ ပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူက “အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ ကက်ရှ်မီးယားညီနောင်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အမြဲတမ်း အဆင်သင့်ရှိပါတယ်” လို့လည်း ပြောခဲ့ပါတယ်။
ကော်မတီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းရန်အတွက် တာဝန်ရှိတယ်လို့ ရှရစ်ဖ်ရဲ့ ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို မွတ်စလင်အများစုနေထိုင်တဲ့ ကျေးလက်ဒေသမှာ ဒေသခံတွေရဲ့အခွင့်အရေးတွေအတွက် တောင်းဆိုတိုက်ပွဲဝင်ဖို့ဖွဲ့စည်းထားတဲ့ အဝါမီလှုပ်ရှားမှုကော်မတီ{Awami Action Committee (AAC)} က ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြတာပါ။
AAC ဆန္ဒပြခေါင်းဆောင် ရှောခတ် နာဝပ်ဇ် Shaukat Nawaz က ဆန္ဒပြသူတွေကို ရဲတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက “ကျွန်တော်တို့ကို ပစ်တဲ့ ကျည်ဆန်တွေဟာ ရန်သူကို တိုက်ခိုက်ဖို့ ပါကစ္စတန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုတော့ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ အသုံးပြုနေကြတယ်” လို့ ပြောခဲ့ပါတယ်။
Ref-Reuters
