◾️ သို့သော် ကုန်ပစ္စည်းပြတ်လပ်မှုနှင့် သယ်ယူပို့ဆောင်မှုကုန်ကျစရိတ် မြင့်တက်လာသဖြင့် ထုတ်လုပ်ရေးစရိတ်မြင့်လာ




၃. ၁၀. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် စက်တင်ဘာလတွင် မြန်မာ့ကုန်ထုတ်လုပ်မှုသည် အားအကောင်းဆုံးနှုန်းဖြင့် ထပ်မံတိုးတက်လာ၍ PMI အညွှန်းကိန်း ၅၃ ကျော်အထိရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း PMI အညွှန်းကိန်း အလယ်အမှတ် ၅၀ အထက်သို့ နှစ်လဆက်တိုက်ရောက်ရှိခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ပိုမို၍သက်သာလာခဲ့ပြီး ဝယ်ဈေးများသည် အနည်းငယ်မျှသာ မြင့်တက်ခဲ့ကယ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ နောက်ပိုင်းတွင် အားအနည်းဆုံး အတိုင်းအတာဖြစ်ခဲ့သည်။ ထို့ပြင် ထုတ်လုပ်ရေးလုပ်ငန်းများသည် ငါးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့၏ စက်ရုံထုတ်ဈေး အဖိုးအခများ လျှော့ချခဲ့ကြသည်။
ယခု ၂၀၂၅ ခုနှစ်တွင် မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် အလယ်အမှတ် ၅၀ အထက်ကို ဩဂုတ်လမှသာ ၅၀ ဒသမ ၄ ဖြင့် စတင်ရောက်ရှိခဲ့သော်လည်း စက်တင်ဘာလတွင် အားအကောင်းဆုံးနှုန်းဖြင့် ထပ်မံတိုးတက်ခဲ့၍ PMI အညွှန်းကိန်း ၅၃ ဒသမ ၁ အထိ ထပ်မံတိုးတက်လာခဲ့ကြောင်း ဖော်ပြထားသည်။
“၂၀၂၅ ခုနှစ်တစ်လျှောက်လုံး မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍအပေါ် လွှမ်းမိုးနေတဲ့ မသေချာ၊ မရေရာမှု ခံစားချက်က တတိယသုံးလပတ်အတွင်းမှာ လွှင့်စင်ပပျောက်မယ့် အမှတ်အသားတွေကို ပြသခဲ့ပါတယ်။ ထုတ်လုပ်ရေးနဲ့ အမှာစာအသစ်နှစ်မျိုးလုံးမှာ ပြန်လည်တွေ့ရှိရတဲ့ တိုးချဲ့မှုတွေရှိခဲ့ပြီး အမှာစာအသစ်တွေက တစ်နှစ်ခွဲကာလအတွင်း အထင်ရှားဆုံး မြင့်တက်မှုဖြစ်ခဲ့သလို ထုတ်လုပ်သူတွေက ၂၀၂၃ ခုနှစ်၊ ဧပြီလနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေမှာ အားအကောင်းဆုံး တိုးတက်မှုကို တွေ့မြင်ခဲ့ကြပါတယ်” ဟု S&P Global Market Intelligence ရှိ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။
သို့သော် ကုန်ပစ္စည်းပြတ်လပ်မှုများနှင့် ပိုမိုမြင့်မားသော သယ်ယူပို့ဆောင်ရေးစရိတ်များက ကုန်ကျမှုများကို မြင့်တက်စေခဲ့ကြောင်း လုပ်ငန်းများက မကြာခဏမှတ်ချက်ပြုကြပြီး ဝယ်ဈေးဖောင်းပွမှုသည် ခြောက်လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ထုတ်လုပ်ရေးစရိတ်များ မြင့်လာမှုကိုဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။
