◾️ အချိန်ကြာလာသည်နှင့်အမျှ လူဦးရေပြန်ဖြည့်ရန် ခဲယဉ်းလာမည်ဖြစ်ပြီး လူအိုအများစုဖြစ်လာသော Ageing Society ဘဝကို မကြာမီရောက်ရှိလာနိုင်ကြောင်း လူကယ်ပြန်ဝန်ကြီး ပြောကြား
၂. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက်လူဦးရေ လက်ရှိတွင် စုစုပေါင်းလူဦးရေ၏ ၁၂ ရာခိုင်နှုန်းသာရှိသော်လည်း ၂၀၅၀ ပြည်နှစ်တွင် ရာခိုင်နှုန်း ၂၀ အထိတိုးလာမည့်အခြေအနေတွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းနေခြင်းကြောင့် လူဦးရေပြန်ဖြည့်ရန် ခဲယဉ်းလာမည်ဖြစ်ကြောင်း လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယမန်နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားတွင် ပြောကြားသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၁ သန်းကျော်အနက် အသက် ၆၀ နှင့်အထက် ဦးရေသည် ၆ ဒသမ ၁ သန်းကျော်ရှိသည့်အတွက် စုစုပေါင်းလူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ဦးရေသည် ၁၃ သန်းခန့်ရှိလာပြီး စုစုပေါင်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းထိ တိုးပွားလာမည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းကို ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင် နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည့်အတွက် ဆက်လက်ကျဆင်းနေကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတွင် ၅ နှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် ၄ ရာခိုင်နှုန်း နီးပါးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း မွေးဖွားနှုန်းနှင့် နှိုင်းယှဉ်လျှင် သေဆုံးမှုနှုန်းက ပိုများနေသည်ကိုတွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အချိန်ကြာလာသည်နှင့်အမျှ လူဦးရေပြန်ဖြည့်ရန် ခဲယဉ်းလာမည်ဖြစ်ပြီး လူအိုအများစုဖြစ်လာသော Ageing Society ဘဝကို မကြာမီရောက်ရှိလာနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ဦးတည်ချက်ဆောင်ပုဒ်ကို “ဘဝချမ်းသာ အခွင့်အရေးများရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး” ဟု ချမှတ်တိုက်တွန်း နှိုးဆော်လိုက်ခြင်းဖြစ်ပါကြောင်း၊ ဘိုးဘွားရိပ်သာများအား အဆင့်အလိုက် ငွေကြေးထောက်ပံ့ခြင်းနှင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သည့် နည်းပညာများ ပံ့ပိုးပေးခြင်းနှင့် တစ်နိုင်ငံလုံးတွင် လူမှုရေးပင်စင်အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
