၂.၁၀.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လျှပ်စစ်အာဏာပိုင်အနီး ချရွန်ခရမ်လမ်း(Charoen Krung) ၏ အစိတ်အပိုင်းတစ်ခုမှာ အောက်တိုဘာလ ၁ ရက် နံနက်တွင် ရုတ်တရက်ကျွံကျမှုဖြစ်ပွားခဲ့ကာ လမ်းမှာလည်း ယာဉ်သွားလာမှု တစ်စိတ်တစ်ပိုင်း ပိတ်ဆို့သွားခဲ့ကြောင်းသိရသည်။
လမ်း၏ မျက်နှာပြင်က အောက်တိုဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်က ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွမ်ကာတာနျူဖောင်ဒေးရှင်း၏ ဘန်ဖုန်ဖန်အဖွဲ့မှ လွှင့်တင်ထားသော ဗီဒီယိုတွင် လမ်းမျက်နှာပြင်က သိသာထင်ရှားစွာ ကျွံကျသွားသည်ကိုတွေ့ကြရပြီး လူစည်ကားလှသောနယ်မြေအတွင်း ဘေးကင်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်ရေးအတွက်တို့ပါ စိုးရိမ်မှုများ မြင့်တက်လာရသည်။ ပြိုကျသည့်အပိုင်းသည် မီတာအတော်များများ ရှည်လျားသည်ဟု သိရသည်။
ချရွန်ခရမ်အရေးပေါ်ဌာနမှ ကယ်ဆယ်ရေးအဖွဲ့များနှင့်အခြားအေဂျင်စီများက အပျက်အစီးအခြေအနေကို စစ်ဆေးရန် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိခဲ့ကြပြီး ယာဉ်ကြောထိန်းချုပ်မှုအစီအမံများကို ဆောင်ရွက်ကာ နောက်ထပ်မတော်တဆမှုများမဖြစ်ပွားစေရေးကိုလည်း ကာကွယ်ခဲ့သည်။
ဤကဲ့သို့ လမ်းကျွံကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ယဉ်မောင်းများအနေဖြင့်လည်း ဖြစ်နိုင်ပါက ထိုနယ်မြေကို ရှောင်ရှားပြီး ပြုပြင်မှုပြီးမြောက်ကာ လမ်းလုံးဝပြန်ဖွင့်သည်အထိ အခြားလမ်းကြောင်းများကို ရှောင်ကွင်းအသုံးပြုရန် အကြံပြုထားသည်။
ယခုဖြစ်ရပ်က ဘန်ကောက်မြို့၌ပင် ဗာဂျီရာ ဆေးရုံအပြင်ဘက် ဆမ်ဆန်လမ်း၌ လွန်ခဲ့သော ရှစ်ရက် စက်တင်ဘာလ ၂၄ ရက်နံနက်က ကြီးမားသော မြေပြိုကျမှုတစ်ရပ် ဖြစ်ပွားအပြီး ရက်ပိုင်းအတွင်း ထပ်မံဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။
Ref- Bangkok Post
