◾️ ပြည်တွင်း စပါးဈေးနှုန်းကျဆင်းနေ၍ ပြည်ပတင်ပို့နေသည့် ဆန်ကြမ်းအမျိုးအစားစပါးများ အသစ်ဈေး ကျပ် ၁၀ သိန်းခွဲကျော်နှင့် အဟောင်းဈေး ၁၄ သိန်းခန့်သာရှိ
၂. ၁၀. ၂၀၂၅
Written by Nyein Kyaw
ယခုဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ဆန်/ဆန်ကွဲ တင်ပို့ရန်လျာထားချက် တန်ချိန် ၁ ဒသမ ၂ သန်းပြည့်မီခဲ့၍ ဒုတိယခြောက်လပတ်တွင် တန်ချိန် ၁ ဒသမ ၈ သန်းအထိ လျာထားချက် တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ အသိပေးထုတ်ပြန်ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲများ တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း ဆန်/ဆန်ကွဲတန်ချိန် ၁၂ သိန်း (တန်ချိန် ၁ ဒသမ ၂ သန်း) တင်ပို့ရန်လျာထားသည့်အနက် စက်တင်ဘာ ၃၀ ရက်အထိ ဆန်/ဆန်ကွဲတန်ချိန် ၁,၂၀၆,၄ဝ၈ တန် (တန်ချိန် ၁ ဒသမ ၂၀၆ သန်း)ကို လျာထားချက်အတိုင်း ပြည့်မီစွာတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀၈ သန်းဝန်းကျင်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။


ဆက်လက်၍ ဒုတိယခြောက်လပတ်ကာလအတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်၊ မတ်လကုန်အထိ တစ်လလျှင် ဆန်/ဆန်ကွဲတန်ချိန် (၃) သိန်းနှုန်းဖြင့် စုစုပေါင်း တန်ချိန် (၁၈) သိန်း (တန်ချိန် ၁ ဒသမ ၈ သန်း) တင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယခုဘဏ္ဍာတွင် ဆန်/ဆန်ကွဲ တန်ချိန်သုံးသန်း တင်ပို့ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပို့ကုန်ကုမ္ပဏီများမှ ကြိုးပမ်းဆောင်ရွက်လျက်ကြောင်း ထုတ်ပြန်ထားသည်။ ယခင်ဘဏ္ဍာနှစ် ၂ဝ၂၄-၂၀၂၅ တွင် ဆန်/ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈ သန်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းဆန်စပါးဈေးကွက်တွင် အချို့ဒေသများတွင် ကောက်စောစပါးများ စတင်ပေါ်ထွက်နေပြီဖြစ်၍ စပါးစိုက်တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် စပါး/ဆန် ဝယ်ယူရေးများကို ဆောင်ရွက်ရန်ညီနောင်အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ ကုမ္ပဏီများ၊ ဆန်စက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်ဝယ်လိုအား မြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်း အသင်းချုပ်အနေဖြင့် အထူးဦးစားပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလောအခြေအနေတွင် မိုးရွာသွန်းမှုရှိနေဆဲဖြစ်၍ စပါးဈေးနှုန်းများမှာ အစိုဓာတ်၊ အရည်အသွေးနှင့် အမျိုးအစားကိုလိုက်၍ တင်း (၁၀၀) လျှင် ကောက်စော ဧည့်မထစပါးအသစ်များသည် ကျပ် ၁၁ သိန်းမှ ၁၂ သိန်းအတွင်း၊ အထူးဧည့်မထအုပ်စု စပါးမျိုးများသည် ကျပ် ၁၄ သိန်းမှ ၁၅ သိန်းအတွင်း၊ ရက် ၉၀/ မနောသုခ/ ဧရာမင်း/ ဧရာပဒေသာ စပါးမျိုးများသည် ကျပ် ၂၂ သိန်းမှ ၂၃ သိန်းအတွင်း၊ ဆင်းသုခစပါးဖြစ်ပါက အစိုပင်လျှင် ကျပ် ၁၃ သိန်းဈေးဖြင့် ရောင်းဝယ်မှုရှိနေကြောင်း အသင်းမှထုတ်ပြန်ထားသည်။

“စပါးကတော့ ဆန်ကြမ်းအမျိုးအစားပေါ့။ အဲဒါတွေက အခုစပါးဈေးက အသစ်ဆိုရင် ၁၀၆,၀၀၀ လောက်ပဲရှိတယ်။ ဒီဘက်မှာကတော့ ရတနာတိုးတွေ စိုက်တာများတယ်။ အဟောင်းဆိုရင်တော့ ၁၄ သိန်းဝန်းကျင်လောက်တော့ပေါက်တယ်။ အခြားဆန်ချောတွေကတော့ ဒီဘက်မှာစိုက်တာလည်းနည်းတယ်။ ရှိလည်းမရှိတော့ဘူး” ဟု ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်၍ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ပြည်ပသို့ တင်ပို့သည့် ဧည့်မထ/ ငစိန် စပါးမျိုးများမှာ အမျိုးအစား/ အရည်အသွေးပေါ် အခြေခံ၍ ဈေးနှုန်းကွာခြားမှုရှိသဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်မှ လိုအပ်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း၊ မြို့နယ်အသီးသီးရှိ ဆန်စက်များထံသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်း၊ တောင်သူများအနေဖြင့် တစ်ဦးတစ်ယောက်ချင်းကွင်းဝယ်လက်များ၊ အကျိုးဆောင်များကို ရောင်းချခြင်းထက် တောင်သူများ စုပေါင်း၍ ဆန်စက်များ၊ ကုမ္ပဏီများထံ တိုက်ရိုက်ညှိနှိုင်း တင်ပို့ရောင်းချခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်းပိုမိုရရှိနိုင်ခြင်း၊ မိမိတို့ဒေသအသီးသီးရှိ ဆန်စက်များ၊ ဆန်/ဆန်ကွဲ ပြည်ပတင်ပို့သည့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ ကန်ထရိုက်လယ်ယာစနစ်/ အာမခံဈေးနှုန်းစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုတိုက်တွန်းထားသည်။
