၃၀.၉.၂၀၂၅
Written By Min Thet
မလေးရှားသို့ အလုပ်သွားလုပ်မည့် တရားမဝင် မြန်မာ ၉၀ ဦးကို ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၂၉ ရက် ည သန်းခေါင်ကျော်(စက်တင်ဘာလ ၃၀ ရက် ယနေ့ နံနက်)ပိုင်းက ဖမ်းမိခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။






ထိုင်းနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ကားများဖြင့်တင်ဆောင်လာကြောင်း သတင်းအရ အထက်ပါအတိုင်း ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးစဉ် မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် ကား (၆) စီးအနက် ကား (၄) စီးဖမ်းမိခဲ့ရာ ကားပေါ် လိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသား (၉၀) ဦးနှင့်အတူ ထိုင်းနိုင်ငံသား ယာဉ်မောင်း တစ်ဦးနှင့် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများတင်ဆောင်လာသည့် ကား (၂) စီးနှင့် ယာဉ်မောင်းနှစ်ဦးတို့မှာ ထွက်ပြေးလွတ်မြောက် သွားသဖြင့် ထိုင်းရဲတပ်ဖွဲ့က ယင်း ထွက်ပြေးလွတ်မြောက်သွားသူများအား ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ အဖမ်းခံရသူများက ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ၊ ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများ ဖြစ်ကြောင်း၊ကန်ချနဘူရီခရိုင်ကတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် နေရာအနီးအဝေးပေါ်မူတည်ပြီး တစ်ဦးလျှင် ပွဲစားခ ဘတ် ၃၀၀၀၀ မှ ၆၀၀၀၀ အထိပေးချေခဲ့ရကြောင်း ထွက်ဆိုထားသည်။
ယခုအခါ အဖမ်းခံရသည့် မြန်မာနိုင်ငံသားများအား ထိန်းသိမ်းထားပြီး၊ ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
