သက်တန့်
၃၀. ၉. ၂၀၂၅
အမေရိကန် ဘူမိဗေဒတိုင်းတာရေး (US Geological Survey) ၏ အဆိုအရ ဖိလစ်ပိုင်အလယ်ပိုင်းဒေသတွင် ဒေသစံတော်ချိန် ည ၉ နာရီ ၅၉ မိနစ်က ကနဦးတိုင်းထွာမှု ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများနှင့် ဒေသတွင်း ဆူနာမီ ဖြစ်နိုင်ခြေအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ကနဦး စစ်တမ်းပုံစံများအရ ဤဒေသတွင် ဤမျှပြင်းအားရှိ ငလျင်လှုပ်ခတ်ပါက လူအသေအပျောက်များ ဖြစ်ပေါ်နိုင်ပြီး ဆောက်လုပ်မှု မခိုင်မာသော အဆောက်အအုံများတွင် သိသာသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။
ပြင်းအား ၆.၉ အဆင့်ရှိ အဆိုပါငလျင်သည် ဖိလစ်ပိုင်နိုင်ငံ၊ ပါလွန်ပွန်၏ အနောက်ဘက်တွင် ရေအောက် ၁၀ ကီလိုမီတာ (၆ မိုင်) အကွာတွင် လှုပ်ခတ်ခဲ့ပြီး စီဘူးပြည်နယ်ရှိ ဘိုဂို (Bogo) မြို့နှင့် နီးစပ်သည်။

ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်တိုင်းတာရေး အင်စတီကျူ (PHIVOLCS) က လေတီ (Leyte)၊ ဘီလီရန် (Biliran) နှင့် စီဘူး (Cebu) ပြည်နယ်များအတွက် လိမ္မော်ရောင်အဆင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကမ်းရိုးတန်းဒေသများမှ လူများကို ဝေးဝေးရှောင်ရှားရန်နှင့် ကမ်းရိုးတန်းအနီးနေထိုင်သူများကို ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်။
ထို့အတူ ဘိုဂိုမြို့ရှိ အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်တွင် ကြေညာခဲ့သည်။
USGS ၏ ခန့်မှန်းချက် ပုံစံများအရ ဖိလစ်ပိုင်အလယ်ပိုင်းရှိ စီဘူး၊ ဘီလီရန်နှင့် လေတီကျွန်းများ ပါဝင်သော ဗီဆာယန်ကျွန်းစုများတစ်လျှောက်တွင် လူပေါင်း ငါးသိန်းကျော်သည် အလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရသည်။

USGS ၏ အဆိုအရ အလွန်ပြင်းထန်သော လှုပ်ခတ်မှုသည် “ဆောက်လုပ်မှု မခိုင်မာသော သို့မဟုတ် ဒီဇိုင်းညံ့ဖျင်းသော အဆောက်အအုံများတွင် သိသာသော ပျက်စီးဆုံးရှုံးမှုများ” နှင့် “ကောင်းမွန်စွာ ဆောက်လုပ်ထားသော သာမန်အဆောက်အအုံများတွင် အနည်းငယ်မှ အလယ်အလတ် ပျက်စီးဆုံးရှုံးမှုများ” ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
အဆိုးဆုံး လှုပ်ခတ်မှုမှာ စီဘူးနှင့် လေတီကျွန်းတို့၏ မြောက်ပိုင်းဒေသများတွင် ဖြစ်နိုင်သည်။
ယနေ့ည ငလျင်ကြောင့် မြောက်ပိုင်းစီဘူးရှိ ရှေးဟောင်းဘုရားကျောင်းများစွာသည် သိသိသာသာ ပျက်စီးဆုံးရှုံးမှုများ ခံစားခဲ့ရပြီး ဒါအန်းဘန်တာယန်မြို့ရှိ ရာစုနှစ်များစွာ သက်တမ်းရှိ စန်တာ ရိုဆာ ဒီ လီမာဂိုဏ်းချုပ် ဘုရားကျောင်း မှာ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ကြောင်း ဘုရားကျောင်းအသင်းသားများက လူမှုမီဒီယာတွင် ကြေညာခဲ့သည်။
ထို့အတူ ပင်လယ်တစ်ဖက်ကမ်း၊ ဘန်တာယန် ကျွန်း၊ ဘန်တာယန်မြို့ရှိ ရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်သည့် ပက်ဒရို အာပိုစတိုဘုရားကျောင်း ယိမ်းထိုးနေပုံ၊ မီးလုံးများနှင့် အပြင်နံရံမျက်နှာစာ အစိတ်အပိုင်းများ ပြိုကျနေပုံများကို ဒေသခံများ၏ ရိုက်ကူးပြသခဲ့သည်။

ငလျင်လှုပ်ခတ်အပြီး နှစ်နာရီကျော်အတွင်း နောက်ဆက်တွဲငလျင် အကြိမ် ၄၀ ကျော် လှုပ်ခတ်ခဲ့သလို စီဘူးမြို့တွင် ဆရာဝန်များက ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို လဟာပြင်တွင် ကုသပေးနေသည်ကိုလည်း တွေ့ရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ရှိ မိုင်ပေါင်း ၂၅,၀၀၀ (ကီလိုမီတာ ၄၀,၀၀၀) ရှည်လျားသော မြေငလျင်ကြောများ Ring of Fire ပေါ်တွင် တည်ရှိပြီး ကမ္ဘာ့မီးတောင်များ၏ ထက်ဝက်ကျော်သည် ထိုနေရာတွင် တည်ရှိသည်။
၂၀၂၂ ခုနှစ်က လူဦးရေအထူထပ်ဆုံးဖြစ်သည့် မြောက်ပိုင်းလူဇုန်ကျွန်း (Luzon) တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် လူအနည်းဆုံး ၅ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်ကလည်း လူဇုန်တွင် ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့သည်။
ဤသတင်းသည် ကနဦးသာဖြစ်ပြီး နောက်ဆက်တွဲဖြစ်စဥ်၊ ထိခိုက်မှုများ ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
Ref, CNN #CDN
