



၃၀. ၉. ၂၀၂၅
Written by Nyein Kyaw
အောက်တိုဘာ ၁ ရက် (မနက်ဖြန်)မှစတင်၍ နိုင်ငံ့ဝန်ထမ်းနှင့် တပ်မတော်သား ဝန်ထမ်းများအတွက် လက်ရှိထောက်ပံ့ကြေး ကျပ် ၆၀,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀၊ အငြိမ်းစားဝန်ထမ်းများအတွက် လက်ရှိထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀ နှင့် နေ့စားလုပ်သမားများအတွက် လက်ရှိထောက်ပံ့ကြေး ကျပ် ၂,၀၀၀ အပြင် ကျပ် ၁,၀၀၀ အား ထောက်ပံ့ကြေး ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုသည့် အမိန့်ကြော်ငြာစာအမှတ် (၁၁၀/၂၀၂၅) အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (ယနေ့) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အမိန့်ကြော်ငြာစာတွင် အပိုင်း ၇ ပိုင်းပါရှိပြီး ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးအဖြစ် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၆၀,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀ တိတိကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။
နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးအဖြစ် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၂,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀ ကို အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ခံစားခွင့်ပြုရန်ဖြစ်သည့်အတွက် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၇,၈၀၀ တိတိကို ခွင့်ပြုရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးအဖြစ် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ အပြင် ထပ်မံ၍ အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ တိတိကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အမိန့်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်၍ အတည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
